မန်စီးတီး ၂ – ၁ ဘန်လေ၊ ဆန်းဒါးလန်း ၂ – ၂ လီဗာပူး (ရုပ်သံဟိုက်လိုက်)

ဇန်နဝါရီ ၂ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်စီးတီးက ဘန်လေကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဆန်းဒါးလန်းနဲ့ လီဗာပူးတို့ ၂ ဂိုးစီ သရေကျသွားပါတယ်။ မန်စီးတီးနဲ့ ဘန်လေတို့ ပွဲစဉ် ပထမပိုင်း ၃၂ မိနစ်မှာပဲ မန်စီးတီးကွင်းလယ်လူ ဖာနန်ဒင်ဟို တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီ့နောက် မန်စီးတီးက နာဗက်စ်နေရာမှာ ဆေးလ်ဗားနဲ့ အီဟီရာနာချိုနေရာမှာ တိုက်စစ်မှူး အဂွီရိုတို့ကို ထည့်သွင်းကစားခဲ့ပါတယ်။ မန်စီးတီးအတွက် ဂိုးတွေကို ၅၈ မိနစ်မှာ ကလစ်ချီနဲ့ ၆၂ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး အဂွီရိုတို့က သွင်းယူပေးခဲ့ပါတယ်။ ဘန်လေအတွက် ချေပဂိုးကိုတော့ မိနစ် ၇၀ မှာ ဘန်မီးက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ မန်စီးတီးအတွက် လူစားဝင်ပြီးမှ ဒုတိယအနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး အဂွီရို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဆန်းဒါးလန်းနဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်မှာတော့ လီဗာပူးတို့ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပေမယ့် ပယ်နယ်တီတွေကတဆင့် ချေပဂိုးပြန်ပေးခဲ့ရလို့ ၂ ဂိုးစီ သရေကျသွားပါတယ်။ ဒီပွဲမှာ လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျ ပွဲစကတည်းက ပါဝင်လာခဲ့ပြီး ၁၉ မိနစ်မှာပဲ အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ အဝေးကွင်းမှာ ယှဉ်ပြိုင်ရပေမယ့်လည်း ဘောလုံးပိုင်ဆိုင်မှုအသာ၊ ဂိုးကန်သွင်းခွင့်အသာစီး ရယူကစားနိုင်ခဲ့ပါတယ်။ လီဗာပူးအတွက် ဒုတိယဂိုးကို ၇၂ မိနစ်မှာ မာနီက သွင်းယူပေးခဲ့ပါတယ်။ ဆန်းဒါးလန်းအတွက် ချေပဂိုး ၂ ဂိုးစလုံးကိုတော့ ပယ်နယ်တီမှတဆင့် တိုက်စစ်မှူး ဒီဖိုးက သွင်းယူပေးခဲ့တာပါ။ ဒီပွဲမှာ လီဗာပူးရဲ့ တိုက်စစ်ကို အကောင်းဆုံး ဟန့်တား ကာကွယ်နိုင်ခဲ့တဲ့ ဆန်းဒါးလန်းဂိုးသမားကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲစဉ်တွေအပြီးမှာတော့ လီဗာပူးက ရမှတ် ၄၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂၊ မန်စီးတီးက ၄၂ မှတ်နဲ့ အဆင့် ၃၊ ဘန်လေက ၂၃ မှတ်နဲ့ အဆင့် ၁၁၊ ဆန်းဒါးလန်းက ၁၅ မှတ်နဲ့ အဆင့် ၁၈ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up