အမေရိကန်၏ ဒဏ်ခတ်မှုကို အထူးအာရုံစိုက်စရာမလိုဟု ရုရှားနိုင်ငံရေးပညာရှင်တဦး ပြော

အမေရိကန်က ရုရှားကို လတ်တလော ဒဏ်ခတ်မှုဟာ သိသာထိရောက်မှုမရှိလို့ အထူးအာရုံစိုက်စရာ မလိုဘူးလို့ ရုရှား နိုင်ငံရေးပညာရှင်တဦးက ပြောလိုက်ပါတယ်။ အမေရိကန်ရဲ့ ဒဏ်ခတ်မှုဟာ အစိုးရသက်တမ်းကုန်ခါနီး အိုဘားမားအစိုးရရဲ့ လုပ်ဆောင်ချက် ဖြစ်တယ်၊ မကြာခင်တက်လာမယ့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရလက်ထက်မှာ ပြန်ဖျက်သိမ်းကောင်း ဖျက်သိမ်းနိုင်တယ်လို့ နိုင်ငံတကာပညာရှင်သမဂ္ဂဥက္ကဋ္ဌ အလက်ဇန်းဒါး ဂူဆဲ့ဗ်က ပြောပါတယ်။ ၂၀၁၆ သမ္မတရွေးကောက်ပွဲအတွင်း အီလက်ထရောနစ် ဖောက်ထွင်းမှု စွဲချက်နဲ့ အမေရိကန်က ရုရှားသံတမန် ၃၅ ဦးကို ဒီဇင်ဘာ ၂၉ ရက်နေ့က အမေရိကန်နိုင်ငံတွင်းကနေ နှင်ထုတ်ခဲ့တာပါ။ ရုရှားအစိုးရက ချက်ချင်းမတုံ့ပြန်ဘဲ လက်တုံ့ပြန်ရေး ပြင်ဆင်နေတယ်လို့ ပြောခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်သံတမန် ၃၅ ဦးကို နှင်ထုတ်ပြီး မော်စကိုမြို့နားက အမေရိကန်သံရုံးရဲ့ အပန်းဖြေဧည့်ရိပ်သာကို ပိတ်ထားဖို့ ဒီဇင်ဘာ ၃၀ ရက်နေ့က အဆိုပြုခဲ့ပါတယ်။ အလက်ဇန်းဒါးကတော့ ရုရှားက အရေးတယူလုပ်သင့်တယ် မထင်ဘူး၊ ဒီလုပ်ဆောင်ချက်က အလွန်ဆုံး တလနဲ့ တလခွဲကြားမှာ အဆုံးသတ်သွားနိုင်တယ်လို့ ပြောပါတယ်။ ရုရှားသမ္မတ ပူတင်ကတော့ ဆီးရီးယားအစိုးရနဲ့ အတိုက်ခံတွေဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရသွားပြီ၊ ၂ ဘက်လုံးက ငြိမ်းချမ်းရေးဆွေးနွေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဒီဇင်ဘာ ၂၉ ရက်နေ့က ကြေညာခဲ့ပါတယ်။ ရုရှားဟာ ဆီးရီးယားသမ္မတဘက်က ထောက်ခံမှုကို ဆက်ပြခဲ့ပြီး အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နေချိန်မှာ သူ့စစ်တပ်တည်ရှိမှုကို လျှော့ချမှာ ဖြစ်ပါတယ်။ အကဲခတ်တွေကတော့ အမေရိကန်ဟာ အစိုးရအပြောင်းအလဲ အကြို ပြင်ဆင်နေရပြီး ရုရှားက ဆီးရီးယားအရေးမှာ လွှမ်းမိုးနိုင်နေတယ်လို့ ပြောပါတယ်။ ရုရှားအစိုးရဟာ လောလောဆယ်မှာ ဆီးရီးယားအရေးကို အာရုံစိုက်နေပြီး လာမယ့်လမှာ ဒေါ်နယ်ထရမ့် အစိုးရအတွက်ပဲ တွေးနေပါတယ်။ အလက်ဇန်းဒါး ဂူဆဲ့ဗ်ကလည်း ဒီအမြင်ကို သဘောတူပြီး ဆီးရီးယားအရေးဟာ ရုရှားအစိုးရ လက်ထဲမှာ ရှိနေဆဲလို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up