Home
မြန်မာသတင်း
နှစ်သစ်ကိုကြိုဆိုမည့် အနုပညာရှင်များနှင့် လူငယ်အချို့၏ စကားသံ (ရုပ်သံ)
DVB
·
December 31, 2016
နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ လူကြီး၊ လူငယ်မရွေး ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်လေ့ရှိကြပါတယ်။ ၂၀၁၇ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ ၂၀၁၆ ရဲ့ညမှာတော့ လူငယ်အများစုဟာ ဒီဂျေရှိုးပွဲတွေ၊ ဟစ်ဟော့ပ်ရှိုးပွဲတွေနဲ့ နယူးရီးယားညကို ပျော်ရွှင်စွာ ဖြတ်သန်းကြမှာပါ။ အဆိုတော် ဂျူးစံသာ “နယူးရီးယားဆိုရင်တော့ တချို့တွေ ရှိုးပွဲသွားကြမယ်။ တချို့ဆိုရင်လည်း ပါတီသွားကြတယ်။ မိသားစုလိုက်၊ အုပ်စုလိုက် အိမ်မှာပဲဖြစ်ဖြစ် ပါတီဆင်နွှဲကြတယ်ပေါ့။ နှစ်သစ်ကို ကြိုဆိုကြပါတယ်။ အမျိုးမျိုး ကြိုဆိုကြတာပါပဲ။” မော်ဒယ် လုလုအောင် “လူငယ်တွေက များသောအားဖြင့်တော့ ရှိုးပွဲတွေလည်းသွားတယ်။ ဒီလိုမျိုး စုဝေးပြီးတော့ နှစ်သစ်ကို ကြိုဆိုကြတာများတယ်ပေါ့။ အမကတော့ မိသားစုနဲ့ မြစ်ကြီးနားမှာပဲ ဖြတ်သန်းမယ်လို့ စဉ်းစားထားတယ်။” မြန်မာနိုင်ငံမှာ အရင်နှစ် ဒီဇင်ဘာက ကျင်းပခဲ့တဲ့ Together Festival ဂီတပွဲကနေမှ အီးဒီအမ် ဂီတအမျိုးအစားကို စတင်မိတ်ဆက်ပေးခဲ့ပြီးတော့ မြန်မာလူငယ်တွေကြားထဲမှာ အလွန်လူကြိုက်များလာတာပါ။ အခုနှစ်ကူးညမှာတော့ ပိုများလာပြီး ထူးခြားလာတာကတော့ ဒီဂျေရှိုးပွဲတွေနဲ့ အီးဒီအမ် ဂီတပွဲတော်တွေပဲ ဖြစ်ပါတယ်။ ကောင်းမြတ်သူ “ဖွံ့ဖြိုးလာတဲ့ ဒီဘက်ခေတ်မှာကို ဒီဂျေပွဲတွေ တော်တော်တွေ့လာရတယ်ပေါ့နော်။ နောက်ပြီးတော့ ပြောမယ်ဆို ဒီနှစ်က အရင်နှစ်ထက် သိသိသာသာကြီး ပြောင်းလဲသွားတာတခုကတော့ ခရီးသွားတာ အရမ်းများတာပဲ။” ၂၀၁၆ ရဲ့ နယူးရီးယားညကို လူငယ်အများစု ပျော်ရွှင်ဖြတ်သန်းမယ့် နေရာတွေကတော့ ခရီးသွားတာတွေ၊ ဒီဂျေရှိုးပွဲတွေနဲ့ ဟစ်ဟော့ပ်ရှိုးပွဲတွေမှာ ဖြစ်ပါတယ်။ မသက်သက်ရတနာသိန်း “လူငယ်တော်တော်များများကတော့ ရှိုးပွဲတွေသွားကြတယ်။ ရှိုးပွဲကိုမှ ဟစ်ဟော့ပ်ရှိုးပွဲကို အများစုသွားကြတယ်။ ပြီးရင် နယူးရီးယားဆိုရင် များသောအားဖြင့် ချောင်းသာတို့၊ ကမ်းခြေတွေမှာ သွားပြီးတော့ အပန်းဖြေတာတွေ လုပ်တယ်။” နှစ်သစ်ကူးည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ အိုင်းရင်းခရော့ခ်အဖွဲ့၊ မိုင်ဒါကွင်းမှာ Myanmar Countdown 2017၊ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ မက်စ်ပါတီ နှစ်သစ်ကူးည ဖျော်ဖြေပွဲ၊ ရန်ကုန်ဝါးတားဘွန်းမှာ The Boom New Year Countdown Party တွေ ရှိပါတယ်။ အဆိုတော် ဒီယံ “လူငယ်သဘာဝ ပျော်တာပါးတာ ပျော်ပါ။ ဒါပေမယ့် လစ်မစ်လေးတော့ ထားကြပါလို့ ကျနော်ပြောချင်ပါတယ်။ ဘယ်အရာမဆို အိုဗာ ဖြစ်သွားရင်တော့ အန္တရာယ်ရှိနိုင်တာ ဖြစ်တဲ့အတွက် ကျနော့်အနေနဲ့ ပြောချင်တာကတော့ သတိလေးနဲ့ ပျော်ကြပါလို့။ နှစ်ကူးကိုလည်း သတိလေးနဲ့ အန္တရာယ်ကင်းကင်း ပျော်ကြပါလို့ ပြောချင်ပါတယ်။” The One Entertainment ဘက်မှာ ၂၀၁၆ ခုနှစ်က ကမ္ဘာ့နံပါတ်တစ် ဒီဂျေအဖြစ် သတ်မှတ်ခံထားရတဲ့ မာတင်ဂါးရေ့ခ်တို့ရဲ့ ဖျော်ဖြေမှုတွေ ရှိပါတယ်။ ဒါ့အပြင် အင်းယားကန်၊ မဟာဗန္ဓုလပန်းခြံနဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ ကလပ်တွေမှာလည်း နှစ်သစ်ကူးပွဲကို ဆင်နွှဲဖို့ ပြင်ဆင်ထားကြပါတယ်။ သတင်း - စုစုမျိုးပိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024