ထိုင်းနှစ်သစ်ကူးကာလ ဒုတိယနေ့ထိ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၁၃ ဦးရှိလာ

ထိုင်းနိုင်ငံမှာ ၂၀၁၇ ခုနှစ် နှစ်သစ်ကူးကာလ ဒုတိယနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့ထိ လမ်းမပေါ်မှ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးရသူဦးရေဟာ ၁၁၃ ဦးထိရှိလာတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ဒီအရေအတွက်ဟာ ဒီဇင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်နေ့ ၂ ရက်ပေါင်းသေဆုံးတဲ့ ဦးရေဖြစ်ပြီး လူပေါင်း ၁၀၀၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတာပါ။ ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ကနေ လာမယ့် ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်နေ့ထိကို နှစ်သစ်ကူးကာလ ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပြီး ဒါကို အန္တရာယ်အရှိဆုံး ရက်သတ္တပတ်လို့ ပြောကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ တနေ့တည်းတင် လူပေါင်း ၇၁ ဦး သေဆုံးခဲ့ပြီး ဒါဟာ မနှစ်ကထက် ၆ ဦး ပိုမိုသေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ညွှန်ကြားရေးစင်တာမှ သတင်းထုတ်ပြန်ချက်တွေအရ ထိုင်းနိုင်ငံမှာ မနှစ်က ခုလိုကာလအတွင်း လမ်းမပေါ်မှ ယာဉ်မတော်တဆမှု ၁၀၂၉ မှု၊ သေဆုံးသူ ၁၀၄ ဦးနဲ့ လူပေါင်း ၁၀၈၀ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ယာဉ်မတော်တဆမှုတွေကြောင့် သေဆုံးရတဲ့ ဒေသတွေထဲ ဥဒုံဌာနီခရိုင်ဟာ ပထမနေရာမှာရှိနေပြီး သူ့နောက်မှာတော့ အယုဒ္ဒယနဲ့ အရှေ့မြောက်ပိုင်း ရိုင်အက်ခရိုင်တွေက အသီးသီးရှိနေတာပါ။ ယာဉ်မတော်တဆမှု ဖြစ်စဉ်တွေထဲမှာ အရက်သေစာ သောက်စားမူးယစ်ပြီး မောင်းနှင်လို့ ဖြစ်ရတာက အများဆုံးဖြစ်ကာ အများစုက ဆိုင်ကယ်မောင်းနှင်သူတွေဖြစ်ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ ထိုင်းပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အနူဖောင် ပါအိုဂျင်ဒါက လမ်းအန္တရာယ် ကင်းရှင်းရေး လှုံ့ဆော်စည်းရုံး ပညာပေးတာတွေကို ဒီ ၇ ရက်တာကာလမှာ အာရုံစိုက် လုပ်ဆောင်သွားမှာဖြစ်ပြီး အရက်သေစာ သောက်စားမောင်းနှင်တာတွေ၊ အရှိန်မြှင့် မောင်းနှင်တာတွေကြောင့် ယာဉ်မတော်တဆမှု ဖြစ်ရတာတွေကို စောင့်ကြည့်သွားမယ်လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up