Home
မြန်မာသတင်း
ဘန်ကောက်တွင် မြန်မာအိမ်ဖော် ၂ ဦး စိန်ထည်ပစ္စည်းသူခိုးဟု စွပ်စွဲခံရပြီး ပိတ်လှောင်ခံရ
နန်းမြနဒီ
·
December 31, 2016
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်းနားနယ်မြေ စုခိုဝစ်လမ်းထဲက ထိုင်းအိမ်တအိမ်မှာ အလုပ်လုပ်နေတဲ့ မြန်မာအိမ်ဖော် ၂ ဦးကို အလုပ်ရှင်က စိန်ထည်ပစ္စည်းခိုးယူတယ်လို့ စွပ်စွဲပြီး ၂၂ ရက်ကြာ အိမ်မှာလှောင်ထားခဲ့တယ်လို့  ရွှေ့ပြောင်းအလုပ်သမား ကူညီရေးအဖွဲ့က ပြောပါတယ်။ ကရင်ပြည်နယ် ဘားအံကနေ ဘန်ကောက်မြို့မှာ အိမ်ဖော်လာလုပ်နေတဲ့ အသက် ၃၀ နှစ်အရွယ် အမျိုးသမီး ၂ ဦးကို အလုပ်ရှင်သူဌေးက ဘတ်သိန်း ၂၀ တန်ဖိုးရှိ စိန်ဆွဲကြိုးနဲ့ စိန်လက်စွပ် ခိုးတယ်လို့ စွပ်စွဲပြီး ဒီလ ၇ ရက်ကနေ ၂၈ ရက်နေ့ထိ လှောင်ထားတယ်လို့ မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး မဟာမိတ်ကော်မတီ (အေအေစီ) ပြောခွင့်ရ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။ “နိုင်ငံခြားသားနဲ့ယူထားတဲ့ ထိုင်းအမျိုးသမီး ထိုင်းအိမ်ရှင်ပေါ့နော်၊ အဲဒီအမျိုးသမီးရဲ့ စိန်လက်စွပ်ရယ်၊ စိန်ဆွဲကြိုးရယ် ကာလပေါက်ဈေးက ဘတ်သိန်း ၂၀ တန်ဖိုးရှိတယ်တဲ့၊ အဲဒါ ကားမောင်းသမားကိုလည်း စွပ်စွဲတယ်၊ ဒါပေမယ့် အဓိကက အိမ်ထဲမှာအလုပ်လုပ်တဲ့ အဲဒီမိန်းကလေး ၂ ယောက်ကို စွပ်စွဲတယ်။ ပြီးတော့ ဘန်းနားနယ်မြေရဲစခန်းမှာလည်း အမှုဖွင့်ထားတယ်၊ သူတို့ ၂ ယောက်ကိုလည်း ဘယ်မှ ပေးမသွားတော့ဘူး။ စောင့်ကြည့်တယ်၊ ခြိမ်းခြောက်တယ်၊ နင်တို့ ဝန်ခံဝန်ခံဆိုတာပဲပြောတယ်။ ရဲတွေ ခနခနခေါ်လာပြီး စစ်တယ်။ အဲဒါကြောင့် အပြင်မှာရှိတဲ့ သူတို့အမျိုးသားနဲ့ ဆွေမျိုးတွေက ကျနော်တို့ အေအေစီအဖွဲ့နဲ့ မြန်မာသံရုံး အလုပ်သမားသံအရာရှိဆီ အကူအညီတောင်းတယ်။ ဒါနဲ့ ၂၈ ရက်နေ့က သွားပြီးခေါ်ထုတ်လာခဲ့တယ်။” အလုပ်ရှင်က အခုလိုစွပ်စွဲပေမယ့် အိမ်အကူ ၂ ယောက်ယူတယ်ဆိုတဲ့ သက်သေအထောက်အထား ဘာမှမပြနိုင်ကြောင်း၊ ဒါကြောင့် အဲဒီ ၂၈ ရက်နေ့မှာပဲ အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်နဲ့ အေအေစီအဖွဲ့တို့ ဘန်းနားနယ်မြေရဲစခန်းကို သွားရောက်ပြီး အိမ်အကူ ၂ ယောက်ကို မြန်မာသံရုံးထောက်ခံစာ၊ အာမခံနဲ့ ခေါ်ထုတ်လာခဲ့တယ်လို့ ဆိုပါတယ်။ ရဲစခန်းကတော့ သူတို့လက်ဗွေရာနဲ့ မျိုးဗီဇဒီအန်အေ အထောက်အထားတွေယူထားပြီး လာမယ့် ဇန်နဝါရီလဆန်းပိုင်းမှာ ထပ်မံခေါ်ယူစစ်ဆေးအုံးမယ်လို့ ပြောပါတယ်။ အိမ်အကူ ၂ ဦးမှာလည်း အဲဒီအိမ်ကနေ အလုပ်ထွက်ခဲ့ပြီး သူတို့လစာတွေကိုတော့ သူဌေးက ဘဏ်ကနေလွှဲပေးမယ်လို့ ဆိုပါတယ်။ အေအေစီအဖွဲ့အနေနဲ့ အိမ်အကူ ၂ ယောက် မတရားစွပ်စွဲခံနေရတာလို့ ယုံကြည်ပြီး တကယ်လို့ အလုပ်ရှင်က မဟုတ်မမှန် ဆက်ပြီးရှေ့တိုးလာမယ်ဆိုရင် ပြန်တရားစွဲမယ်လို့ ကိုရဲမင်းက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024