Home
မြန်မာသတင်း
မောင်တောတွင် ဘင်္ဂါလီရွာသားများကို စစ်သင်တန်းပို့ချနေသည့်သတင်းရရှိဟု အစိုးရထုတ်ပြန်
DVB
·
December 30, 2016
ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဦးရှည်ကျကျေးရွာအုပ်စု၊ အလယ်ရွာအနီး တောင်ကြားထဲမှာ လက်နက်ကိုင်ဆောင်ထားတဲ့ မသင်္ကာသူ ၁၀ ဦးက ကျေးရွာသားတွေကို စစ်သင်တန်းပို့ချနေတဲ့သတင်း ရရှိတဲ့အကြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတင်းအရ သွားရောက်ရှင်းလင်းရာမှာ ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက မသင်္ကာသူ ၃ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူတွေကို တရားဥပဒေနဲ့ အရေးယူ ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် စစ်သင်တန်းတွေပေးနေတဲ့ အထောက်အထား တစုံတရာ တွေ့မတွေ့ ဆိုတာကိုတော့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခြင်းမရှိပါဘူး။ အောက်တိုဘာ ၉ ရက် မောင်တော ရဲကင်းစခန်းတွေကို မတိုက်ခိုက်ခင် အကြမ်းဖက်စီးနင်းသူတွေက ၂ နှစ်လောက်ကြိုပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျေးရွာတွေမှာ လက်နက်ကိုင်သင်တန်း၊ ပြောက်ကျားသင်တန်းနဲ့ ဖောက်ခွဲရေးသင်တန်းတွေ လျှို့ဝှက်ပေးခဲ့တယ်လို့  ဘယ်လ်ဂျီယံအခြေစိုက် နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (အိုင်စီဂျီ) က ပြောထားပါတယ်။ ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းကတော့ မောင်တောမြို့နယ် ကျီးကန်းပြင် အနောက်ကျေးရွာမှာ အကြမ်းတိုက်ခိုက်မှု ဖြစ်စဉ်မှာ ပါဝင်သူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။ တချိန်တည်းလိုလိုမှာပဲ မောင်တောမြို့နယ် ဂွဆုံကျေးရွာနေ ရာအိမ်မှူး အန်နာမူလာဟာ အလုပ်ကိစ္စနဲ့ ဂွဆုံအလယ်ကျေးရွာကို သွားရောက်စဉ် လမ်းမှာ တုတ်၊ ဓား လက်နက်ကိုင်ဆောင်ထားသူ ၆ ဦးက ဝိုင်းဝန်းရိုက်နှက်ပြီး ရွာအရှေ့ဘက်ရှိ မေယုတောင်ကြောပေါ်သို့ ကြိုးတုတ်ခေါ်ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024