ဖိလစ်ပိုင်တွင် လက်ဝှေ့ပွဲကျင်းပနေစဉ် ပေါက်ကွဲမှုဖြစ်၊ လူ ၃၃ ဦး ထိခိုက်ဒဏ်ရာရ

ဓာတ်ပုံ - ရိုက်တာ
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းက ပြည်နယ်တခုမှာ လက်ဝှေ့ရုံပေါက်ကွဲမှုဖြစ်ပြီး လူ ၃၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရက ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ပြောဆိုပါတယ်။ တပတ်အတွင်း ဒုတိယအကြိမ် ပေါက်ကွဲမှုဖြစ်ပြီး ဘယ်သူ့လက်ချက်ဆိုတာ မသိရှိသေးပါဘူး။ ဒီဇင်ဘာ ၂၈ ရက် ညပိုင်းက ဝါသနာရှင်အဆင့် လက်ဝှေ့ပွဲတခုမှာ ၈၂ မီလီမီတာ လောင်ချာကျည်ကို ဆယ်လူလာဖုန်းနဲ့ ဖောက်ခွဲခဲ့တာဖြစ်ပြီး ဘယ်သူ ဘယ်အဖွဲ့အစည်းဆိုတာလည်း မဖော်ထုတ်နိုင်သေးဘူး၊ တာဝန်ခံ ကြေညာတာလည်း မရှိသေးဘူးလို့ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောပါတယ်။ လက်ဝှေ့ပွဲကို ကြည့်နေကြချိန် ရုတ်တရက် ပေါက်ကွဲမှုဖြစ်တာနဲ့ လူတွေ ထွက်ပြေးထွက်ခဲ့ကြတယ်လို့ ဒဏ်ရာရသူတဦးက ပြောပါတယ်။ အစ္စလာမ်ဘာသာဝင် အများစုနေတဲ့ နိုင်ငံတောင်ပိုင်းက ကက်သလစ်ဘုရားကျောင်း တကျောင်းမှာလည်း ခရစ္စမတ်အကြိုနေ့က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူ ၁၆ ဦး ဒဏ်ရာရရှိခဲ့တာပါ။ ပေါက်ကွဲမှု ၂ ခုနဲ့ ဆက်နွယ်တဲ့ အထောက်အထားတော့ မတွေ့ရဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေကလည်း ထိုးစစ်တွေကြောင့် အရှေ့အလယ်ပိုင်းက မွတ်စလင်အကြမ်းဖက်အဖွဲ့တွေ ပြိုကွဲပြီး နိုင်ငံတောင်ပိုင်း အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့ ဒေသတွေမှာ အစ္စလာမ္မစ်စစ်သွေးကြွတွေ ထိုးဖောက်ဝင်ရောက်လာမယ့် အန္တရာယ်ကို သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up