မြန်မာဘောလုံးအသင်း အောင်မြင်တာမဟုတ်ဘူး၊ တိုးတက်တာ (ဦးခင်မောင်ထွေးနှင့် မေးမြန်းချက်)
Published By
ရွှေအောင် | 23 November, 2011
9.1K
0
Share
0
Comment
0
Likes

နိုဝင်ဘာ ၂၂ ရက်က ပြီးဆုံးသွားတဲ့ ၂၆ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာဘောလုံးအသင်းဟာ တတိယ ကြေးတံဆိပ်ရရှိခဲ့ပါတယ်။
မြန်မာဘောလုံးအသင်းရဲ့ လက်ရှိအနေအထား၊ မြန်မာဘောလုံးအသင်း အောင်မြင်ဖို့ ရေတိုရေရှည် ဘယ်လို စီမံထားတာတွေရှိလဲ၊ ၂၀၁၃ ခုနှစ်ကျရင် အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့အချိန်မှာရော မြန်မာဘောလုံးအသင်း အောင်မြင်မှုရှိနိုင်မလား ဆိုတာတွေနဲ့ ပတ်သက်ပြီး ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေးကို ဆက်သွယ်မေးမြန်းထားပါတယ်။
ပြီးခဲ့တဲ့ ဆီးဂိမ်းမှာ မြန်မာဘောလုံးအသင်းရဲ့ အနေအထားကို အန်ကယ်လ် ဘယ်လိုသုံးသပ်ပါသလဲ။
“မြန်မာအသင်းကတော့ အသင်းတွေထဲမှာ တိုးတက်မှု ရှိတယ်ပေါ့ဗျာ။ တိုးတက်မှုရှိတယ်ဆိုတာကလည်း အုပ်စုပွဲမှာ ၅ ပွဲ ကစားခဲ့ရတယ်ဗျာ။ ၅ ပွဲကစားရာမှာ ၄ ပွဲနိုင် ၁ ပွဲသရေကျတယ်။ နောက် လာအိုတို့ ဗီယက်နမ်တို့ ကစားတော့ ၁၀ ယောက် ၁၁ ယောက်နဲ့ ကစားခဲ့တယ်ဆိုတော့ ဘာပဲပြောပြော တိုးတက်တယ်လို့ ပြောရမှာပေါ့။ မြန်မာဘောလုံးအသင်း အောင်မြင်တာမဟုတ်ဘူး တိုးတက်တာ။ အရင်အသင်းတွေထက် ပိုကောင်းလာတယ်ပေါ့ဗျာ။ အဲဒီလိုပဲ မှတ်ချက်ချလို့ ရပါတယ်။”
ဆီးဂိမ်းမတိုင်ခင်မှာ အန်ကယ်တို့ နေပြည်တော်မှာ မြန်မာ့ဘောလုံး တိုးတက်ဖို့ အလုပ်ရုံဆွေးဆွေးပွဲ လုပ်တယ်လို့ သိရပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဘောလုံးနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲစရာတွေ အဖြေတွေ ရပါသလဲခင်ဗျ။
“နှစ်ပိုင်းပေါ့နော်။ တချို့ဆန္ဒရှင်တွေက ရေတိုစီမံကိန်းပေါ့။ လက်ရှိလက် ရွေးစင် ဘောလုံးအသင်းအပေါ်မှာ သုံးသပ်ချက်တွေ ဘာတွေပြင်ရမလဲ။ နည်းပြဆရာကအစ ကလေးတွေရဲ့ စိတ်ဓာတ်က အစပေါ့။ ဒါတွေပြုပြင်ဖို့ တင်ပြတာရှိတယ်။ တချို့ကတော့ ရေရှည်ပေါ့။ ရေရှည်ကတော့ အောက်ခြေကစပြီး ကျောင်းတွေကစပြီး အရင်တုန်းကလို့ပေါ့။ အရင်တုန်းက ရှိခဲ့တာကို ပြန်လုပ်ဖို့ ကျနော်တို့ အဖြေရှာကြတာ အဖြေရသွားတယ်။”
ဘယ်လိုလုပ်ဖို့အဖြေရလဲ ဆရာ။
“ကျောင်းတွေပေါ့နော် အထက်တန်းကျောင်းတွေ၊ မူလတန်းကျောင်းတွေ၊ အလယ်တန်းကျောင်းတွေမှာ ဘောလုံးကွင်းတွေပေါ်ဖို့၊ ဘောလုံးကစားဖို့ အချိန်တွေပေးနိုင်ဖို့။ ကလေးတွေ ဘောလုံးကစားကြဖို့ ထိုနည်းအတူပဲ တက္ကသိုလ်တွေ၊ ကောလိပ်တွေမှာလည်း ဘောလုံးကွင်းတွေရှိဖို့ ဘောလုံးကစား နိုင်မယ့်အခြေအနေတွေကို ဖန်တီးပေးဖို့။ အဲဒါတွေကို ကျနော်တို့ ဆွေးနွေးကြတာပေါ့။”
ကျနော်တို့ အလုပ်ရုံဆွေးနွေးပွဲက ရတဲ့အဖြေတွေကို ဘယ်တော့လောက် ဘယ်လိုအကောင်အထည်ဖော်ဖို့ ရှိလဲခင်ဗျ။
“အဲဒါကျတော့ အားကစားဝန်ကြီးဌာနရယ် ဘောလုံးအဖွဲ့ချုပ်ကတော့ ချက်ချင်းပဲ။ လုပ်နိုင်သမျှ ချက်ချင်းလုပ်ပေါ့။ အခုဒီမှာ ဘာလုပ်နေလဲဆိုတော့ အားကစားနဲ့ပညာရေး ပေါင်းကူးစနစ်ဆိုပြီး ဘောလုံးက စထွင်တာပေါ့ဗျာ။ ကျောင်းတွေမှာ ဘောလုံးကစားနိုင်ဖို့ ဒီဘောလုံးအဖွဲ့ချုပ်နဲ့ အားကစားဝန်ကြီးဌာနက အကူအညီပေးနေတာတွေ ရှိတယ်။ အခု စလုပ်နေပါပြီ။ ဒါပေမယ့် တတိုင်းပြည်လုံး အတိုင်းအတာနဲ့ဆိုရင်တော့ ပညာရေးဝန်ကြီးဌာနက ဦးဆောင်လုပ်ရမယ့် အနေအထားပါ။ ဒီဘက်က အားကစားဘက်ကတော့ အကူအညီ ပေးမယ်ပေါ့နော် စနေပါပြီ။”
ဘယ်မှာစနေပါပြီလဲ အန်ကယ်။
“ရန်ကုန်တို့ မန္တလေးတို့မှာ ကလပ်အသင်းတွေက ဒေသအလိုက် ဘောလုံး သင်တန်းကျောင်းလေးတွေ နေပြည်တော်တို့မှာ ရှိတယ်။ နောက် ရတနာပုံဆိုတာ မန္တလေးမှာ ရှိတယ်၊ ရန်ကုန်က ဦးတေဇတို့ ကလပ်မှာ ရှိတယ်။ နောက် မနေ့တနေ့ကပဲ ဧရာဝတီမှာ အကယ်ဒမီ ဘောလုံးသင်တန်းကျောင်း သွားဖွင့်တာရှိတယ် အဲဒီလိုပဲ စနေတယ်။ ကျောင်းတွေက အခုတော့ ပြိုင်ပွဲတွေ ပြန်ပြီးတော့ လုပ်ပေးနေတယ်။ ပြိုင်ပွဲတွေ လုပ်ပေးတယ်ဆိုတာ ကလေးတွေက ဘောလုံးကစားဖို့ စိတ်ဝင်စားလာတာပေါ့ဗျာ။ ပြိုင်ပွဲတွေဆိုတာကတော့ တက္ကသိုလ်တွေမှာရော ကောလိပ်တွေမှာရော အခုမှ ပြန်စတာ။ ပြန်စတာဆိုတာ အရင်က ရှိပြီးသားကို ပြန်စတာပေါ့နော်။ အသစ်ထွင်တာတော့ မဟုတ်ပါဘူး။”
မြန်မာ့ဘောလုံးနဲ့ ပတ်သက်ပြီးတော့ ရေတိုအောင်မြင်မှု ရနိုင်မလား၊ ရေရှည်မှ အောင်မြင်မှု ရနိုင်မလား။ ဆိုကြပါစို့ အနီးဆုံးက ကျနော်တို့ ၂၀၁၃ ဆို မြန်မာအိမ်ရှင် လုပ်တော့မယ်ပေါ့နော်။ အဲဒီလောက်အနေအထား ဒီ ၁ နှစ် ၂ နှစ်အတွင်းမှာ ဖြစ်နိုင်ပါ့မလားခင်ဗျ။
“အခု ၂၀၁၁ ဂျာကာတာမှာ ကစားသွားတဲ့ ဘောလုံးအသင်းရဲ့ အနေအထားကို ကြည့်ရရင် ရေတိုစီမံကိန်းအရ အောင်မြင်မှာပါ။ အောင်မြင်နိုင်ပါတယ်။ အောင်မြင်မှာပါလို့ ကျနော် မပြောရဲဘူး။ ဒီ ၂၀၁၁ ဂျာကာတာ ဆီးဂိမ်းမှာ ဝင်ပြိုင်သလို အစစအရာရာ အားလုံးက တက်ညီလက်ညီ လုပ်ပေးနိုင်မယ်ဆိုရင်တော့ ၂၀၁၃ မှာ ကျနော်တို့ ရွှေတံဆိပ် ရနိုင်ပါတယ်။ ဘာလို့တုန်းဆိုတော့ ဂျာကာတာမှာလည်း ကျနော်တို့က ချန်ပီယံ ဖြစ်သွားတဲ့ မလေးရှားအသင်းကို ၈၅ မိနစ်လောက်အထိ တန်းတူရည်တူ ကစားပြီး တချက်မှားလို့ တဂိုးပေးလိုက်ရတာ။ နောက်တခါ ဗီယက်နမ်လို အသင်းမျိုးကို ၄ ဂိုး ၁ ဂိုးနဲ့ ပြန်နိုင်တယ်ဆိုတာ ဒီမှာဘက် နောက်ပိုင်းမှာ တခါမှ မရှိဖူးသေးဘူး။ အဲဒါကို ထိန်းထားနိုင်ရင် အဲဒီအပေါ်မှာ ပိုပြီးတော့ မွမ်းမံပြင်ဆင်ပေးနိုင်ရင် ၂၀၁၃မှာ မျှော်လင့်ရနိုင်ပါတယ်။”