ရုပ်သံအစီအစဉ်တခုအတွင်း ဝက်ဝံတိုက်ခိုက်ခံရသည့် အမျိုးသမီး (ရုပ်သံ)

ရုရှားနိုင်ငံမှာ သားရိုင်းတိရစ္ဆာန်တွေနဲ့ တင်ဆက်တဲ့ ရုပ်သံအစီအစဉ်တခုမှာ အမျိုးသမီးတဦးဟာ ဝက်ဝံတကောင်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဒီဇင်ဘာ ၂၇ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံအစီအစဉ်တင်ဆက်ဖို့အတွက် ဘွန်ညာ အမည်ရတဲ့ အဲဒီဝက်ဝံဟာ အနီရောင်နဲ့ အဝါရောင် ရောစပ်ထားတဲ့ စကပ်တထည်ကို ဝတ်ဆင်ထားခဲ့ပြီး ခေါင်းမှာတော့ အနီရောင်ဦးထုပ်တလုံးကို ဆောင်းထားခဲ့တာပါ။ သူဟာ အထိန်းအမျိုးသားအနီး ရှိနေခဲ့ချိန်မှာ ဧည့်သည်အမျိုးသမီးက သူ့အနားကို နီးနီးကပ်ကပ် ရောက်လာခဲ့တာပါ။ သူဟာ ဘွန်ညာရဲ့ အနောက်ဘက်ကနေ ချဉ်းကပ်ပြီး လက်နဲ့ထိဖို့ ကြိုးစားခဲ့ချိန်မှာ ရုတ်တရက်ပဲ လှည့်ပြီး ပြန်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ ရုတ်တရက် တွန်းထုတ်လိုက်ပြီး လက်သည်းတွေနဲ့ အမျိုးသမီးရဲ့ အဝတ်တွေကို ကုတ်ခြစ်ခံခဲ့ရချိန်မှာ အမျိုးသမီးဟာ ကြမ်းပြင်ပေါ်ကို လဲကျသွားခဲ့တာပါ။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ အထိန်းဖြစ်သူက ဘွန်ညာကို ဆွဲခေါ်သွားတဲ့အတွက် ဘာထိခိုက်ဒဏ်ရာမှ မရရှိခဲ့ပါဘူး။ ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကိုတော့ စတိတ်စင်နောက်ဘက်မှ ရိုက်ယူထားနိုင်ခဲ့တာဖြစ်ပြီး အထိန်းဖြစ်သူ အမျိုးသားရဲ့ “မင်းကို ဒီအနား နီးနီးကပ်ကပ်မလာဖို့ သတိပေးခဲ့တယ်။ ဝက်ဝံတွေအနားကို မကပ်ပါနဲ့” လို့ အော်ဟစ်ပြောဆိုခဲ့တာကို တွေ့ရပါတယ်။ မော်စကိုမြို့မှာ တင်ဆက်နေကျ ဒီအစီအစဉ်ဟာ သားရိုင်းတိရစ္ဆာန်တွေရဲ့ အန္တရာယ်အကြောင်းတွေကို ရိုက်ပြတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up