
၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲဟာ နိုဝင်ဘာလ ၂၂ ရက်နေ့က ပြီးဆုံးခဲ့ပြီး မြန်မာအားကစားအဖွဲ့အနေနဲ့ ရွှေတံဆိပ် ၁၆ ခု၊ ငွေတံဆိပ် ၂၇ ခု၊ ကြေးတံဆိပ် ၃၇ ခု ရရှိခဲ့ပြီး ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် ၇ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
၂၀၀၇ ဆီးဂိမ်းစ်မှာ ရရှိခဲ့တဲ့ ရွှေတံဆိပ် ၁၂ ခုထက်သာလွန်ခဲ့ပြီး ရွှေတံဆိပ် ၁၄ ခုသာရရှိခဲ့တဲ့ ၂၀၀၇ ဆီးဂိမ်းစ်ပြိုင်ပွဲထက်လည်း ပိုမိုအောင်မြင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာအသင်း ရခဲ့တဲ့ ရွှေတံဆိပ် ၁၆ခုအနက် ၉ခုကို ရိုးရာလှေလှော်ပြိုင်ပွဲတွေကနေ ရရှိခဲ့တာပါ။ ၂၀၀၉ ဆီးဂိမ်းပြိုင်ပွဲတုန်းကတော့ ရိုးရာလှေလှော်ပြိုင်ပွဲ ပါဝင်ခြင်းမရှိခဲ့ဘဲ ရွှေတံဆိပ် ၁၂ ခုရရှိခဲ့တာဖြစ်လို့ ဆီးဂိမ်းပြိုင်ပွဲ နှစ်ခုမှာ ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအားကစားအဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို ချိန်ထိုးသုံးသပ်ဖို့လိုအပ်ပါတယ်။
၂၀၁၁ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာအားကစားအဖွဲ့တွေရဲ့ အနေအထားအရ မြန်မာအားကစားလောကမှာ မျိုးဆက်သစ် အားကစားသမားတွေ ဖော်ထုတ်နိုင်မှု အလွန်အားနည်းနေတာ တွေ့ရပါတယ်။ ပြေးခုန်ပစ်၊ အလေးမ၊ သေနတ်ပစ်၊ ဘော်လီဘောစတဲ့ တချိန်က အောင်မြင်မှုမြင့်မားခဲ့တဲ့ အားကစားနည်းတွေမှာ ကျဆင်းနေတာက ဝမ်းနည်းစရာပါ။
၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာအမျိုးသား ဘော်လီဘောအသင်းဟာ ၂၀၀၉ ဆီးဂိမ်းပြိုင်ပွဲကအတိုင်း ကြေးတံဆိပ်သာရရှိခဲ့တယ်။ မြန်မာ ဘော်လီဘောအသင်းမှာ ပါဝင်ကစားသူ အများစုဟာ လူဟောင်း သက်ကြီးကစားသမားတွေပါပဲ။ နည်းပြဘဝရောက်နေတဲ့ သူတချို့တောင် မြန်မာ့လက်ရွေးစင်အသင်းရဲ့လိုအပ်ချက်အရ ကစားသမားအဖြစ် ပြန်လည် ပါဝင်ကစားပေးနေရတယ်။
၂၀၀၉ ဆီးဂိမ်းစ်မှာ တူရကီ တာဝေးအပြေးသမား တယောက်ကို မြန်မာအမည် အောင်ခိုင်ဆိုပြီး ဝင်ရောက်ယှဉ်ပြိုင်စေလို့ မီတာ ၁၀၀၀၀ ပြိုင်ပွဲမှာ မြန်မာပြေးခုန်ပစ်အဖွဲ့ရွှေတံဆိပ်ရခဲ့တယ်။ ဒီနှစ်တော့ မြန်မာတွေသာပြိုင်ခဲ့ပြီး အမြင့်ဆုံး ငွေတံဆိပ်တွေသာရခဲ့တယ်။ အလေးမအားကစားနည်းမှာလည်း ၂၀၀၉ တုန်းက တရုတ်အလေးမ မယ်တဦး ပါဝင်ခဲ့လို့ ရွှေတံဆိပ်ရရှိခဲ့ပေမယ့် ဒီနှစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံသားအစစ်တွေနဲ့ ယှဉ်ပြိုင်ရာမှာတော့ ကြေးတံဆိပ်တခုသာ အမြင့်ဆုံးဆုအဖြစ် ရရှိပါတယ်။
မြန်မာအမျိုးသမီး ဘတ်စကတ်ဘောအသင်းဟာ ဆီးဂိမ်းမှာ ဝင်မပြိုင်တာ နှစ်၂၀ လောက်ရှိပါပြီ။ ပြည်တွင်းမှာလည်း အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲဟာ မရှိသလောက်နီးပါးဖြစ်နေလို့လက်ရွေးစင်အသင်းဖွဲ့ဖို့တောင် ခက်ခဲလှပါတယ်။ ဒါပေမယ့် ၂၀၁၁ ဆီးဂိမ်းစ်ကို မြန်မာ့လက်ရွေးစင် အမျိုးသမီးဘတ်စကတ်ဘောအသင်း ယှဉ်ပြိုင်ခဲ့ပါတယ်။ ချန်ပီယံဖြစ်သွားတဲ့ ထိုင်းအမျိုးသမီး ဘတ်စကတ်ဘော အသင်းကို ၇၇- ရဝမှတ်နဲ့ အံဩဖွယ်အနိုင်ရခဲ့ပါတယ်။ ကျန်ပွဲတွေမှာ ရလဒ်မကောင်းလို့သာ အဆင့် ၄ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် မြန်မာအမျိုးသမီး ဘတ်စကတ်ဘောအသင်းကိုလေ့လာကြည့်တော့ မြန်မာနိုင်ငံသူ၊ မြန်မာအမျိုးသမီးစင်စစ်တွေ မဟုတ်တာ တွေ့ရပါတယ်။ အားလုံးက တရုတ်နိုင်ငံကနေခေါ်ယူပြီးမြန်မာအမည် ပြောင်းထားသူတွေဖြစ်နေပါတယ်။ မြန်မာအမျိုးသမီးတွေမှာ မြင်တွေ့ရလေ့မရှိတဲ့ အရပ်အမောင်း အလုံးအထည်ပိုင်ရှင်တွေဖြစ်သလိုဆီးဂိမ်းစ်ပြိုင်ပွဲဝင် ကျန်အမျိုးသမီး ဘတ်စကတ်ဘောမယ်တွေ ထက်လည်း ပိုမိုထွားကြိုင်း မြင့်မားကြပါတယ်။
အထက်ပါဖြစ်စဉ်တွေကို ကြည့်ရင် မြန်မာအားကစားလောကမှာ အရည်အချင်း ပြည့်မီသူ အားကစားသမားတွေ ဖော်ထုတ်နိုင်မှု အားနည်းနေတာ သိသာပါတယ်။ တချိန်က အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲတွေမှာ မြန်မာနိုင်ငံသားစစ်စစ်တွေနဲ့ယှဉ်ပြိုင်ရင်း မြန်မာတို့အောင်မြင်မှုတွေ ရခဲ့တာပါ။ ဒီခေတ်ရောက်မှ မြန်မာတွေ ညံ့သွားကြတာလား။ သေချာစိစစ်သုံးသပ်ဖို့အရေးကြီးနေပါပြီ။
၂၀၁၁ ဆီးဂိမ်းစ်မှာ မြန်မာအားကစားအဖွဲ့အများစု အောင်မြင်မှု မရခဲ့ပေမယ့် ချီးကျုးဂုဏ်ပြုထိုက်သူတွေလည်းရှိပါတယ်။ ရွှေတံဆိပ် ၉ ခု ရယူနိုင်ခဲ့သူ ရိုးရာလှေလှော်အဖွဲ့ရဲ့အောင်မြင်မှုကို အသိအမှတ်ပြုမိပါတယ်။
အိမ်ရှင်နိုင်ငံက အထူးအားထားတဲ့ ရိုးရာလှေလှော်မှာ မြန်မာတွေ အောင်ပွဲရဖို့အတွက် ခက်ခဲပင်ပန်းစွာ ကြိုးပမ်းအားထုတ်ခဲ့ရမှာ သေချာပါတယ်။ နောက်ထပ်အားကစားအဖွဲ့တွေအနက် ချီးကျုးရမှာက မြားပစ်အားကစား အဖွဲ့ပါ။
၂၀၁၁ဆီးဂိမ်းမှာ ရွှေတံဆိပ် ၃ ခုရခဲ့တဲ့ မြန်မာမြားပစ်အဖွဲ့ဟာ ကြိုတင် ပြင်ဆင်မှုအဖြစ် နိုင်ငံတကာပြိုင်ပွဲများစွာကို ဝင်ရောက်ယှဉ်ပြိုင်ရင်း ငွေကုန်၊ လူပင်ပန်းခံကာ ပြင်ဆင်ခဲ့တာတွေ့ရပါတယ်။ နောက်ထပ်အသိအမှတ်ပြုသင့်တဲ့ အားကစားအဖွဲ့တွေကတော့ ဂျူဒိုနဲ့လက်ဝှေ့ အားကစားအဖွဲ့တွေပါပဲ။
ဂျူဒိုဟာ ရွှေတံဆိပ် ၁ ခုသာရခဲ့တယ်ဆိုပေမယ့် ကစားသမား ၇ ဦးအထိ ဗိုလ်လုပွဲတက်နိုင်ခဲ့တာ တွေ့ရပါတယ်။ လက်ဝှေ့အဖွဲ့က ဗိုလ်လုပွဲကို ၃ ဦး တက်နိုင်ခဲ့ပြီး ပြိုင်ဘက်တွေကို အမှတ်နဲ ရှုံးခဲ့လို့ ရွှေဆုနဲ့လွဲခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘက်နှစ်ပိုင်းနှစ်တွေမှာတော့ အအောင်မြင်ဆုံးလို့ဆိုရမှာဖြစ်ပါတယ်။ အာရှနဲ့ နိုင်ငံတကာအဆင့်အထိ အောင်မြင်မှုရနေတဲ့ ထိုင်း၊ ဖိလစ်ပိုင်တို့ကို လတ်တလောကျော်ဖြတ်ဖို့ခက်ခဲနေသေးပေမယ့် လက်ရှိအတိုင်း ဆက်လက် ကြိုးစားသွားရင် ၂၀၁၃ ဆီးဂိမ်းစ် မြန်မာ လက်ဝှေ့သမားအချို့ရွှေတံဆိပ်ရနိုင်တဲ့ အနေအထားဖြစ်ပါတယ်။
မည်သို့ပင်ဖြစ်စေ ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့အချို့ဟာ ချီးကျုးထိုက်သူတွေ ဖြစ်ခဲ့ပေမယ့် အများစုကတော့ ပြုပြင်ပြောင်းလဲဖို့လိုအပ်နေတဲ့ အနေအထားဖြစ်ပါတယ်။ ၂၀၁၃ ဆီးဂိမ်စ်မှာ အောင်မြင်မှုတွေရဖို့ တရုတ်နိုင်ငံသားတွေကို ခေါ်ယူယှဉ်ပြိုင်မလား။ မြန်မာစစ်တွေနဲ့ပဲ ဂုဏ်သိကာရှိရှိ ယှဉ်ပြိုင်မလားဆိုတာက အငြင်းပွားဖွယ် အနေအထားမဟုတ်ပါဘူး။ မြန်မာ အားကစားရဲ့ဂုဏ်ကိုမြန်မာစစ်စစ်တွေနဲ့သာ မြှင့်တင်ရမှာဖြစ်ပါတယ်။ မြှင့်တင်နိုင်ဖို့အတွက်လည်း သက်ဆိုင်ရာ အားကစားနည်းအလိုက် ကစားသမားသစ်တွေ ရှာဖွေ ဖော်ထုတ်ပြီး ခေတ်မီနည်းစနစ်တွေ သင်ကြားပြသနိုင်တဲ့ နည်းပြကောင်းတွေ ငှားရမ်းပြီး လိုအပ်တဲ့ အတွေ့အကြုံကောင်းတွေရရှိဖို့နိုင်ငံတကာ ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ရင်း ဆောင်ရွက်ဖို့လိုအပ်လှပါတယ်။ ၂ နှစ်တာကာလဟာ အောင်မြင်မှူတွေယူဖို့လုံလောက်တဲ့ ပြင်ဆင်ချိန်ကာလဖြစ်ပါတယ်။ ဒါပေမယ့်
မလိမ်တမ်းမညာတမ်း ပြင်းပြင်းထန်ထန် ကြိုးစားလုပ်ဆောင်ကြဖို့ လိုပါတယ်။