A d v e r t i s e m e n t With Us

ဒီ​ခေတ်​ရောက်မှ မြန်မာ​တွေ ညံ့​သွား​ကြတာလား

၂၀၁၁ ဆီး​ဂိမ်း​ပြိုင်ပွဲဟာ နိုဝင်ဘာလ ၂၂ ရက်​နေ့​က ပြီး​ဆုံး​ခဲ့​ပြီး​ မြန်မာအား​ကစား​အဖွဲ့​အ​နေနဲ့​ ​ရွှေတံဆိပ် ၁၆ ခု၊​ ​ငွေတံဆိပ် ၂၇ ခု၊​ ​ကြေး​တံဆိပ် ၃၇ ခု ရရှိခဲ့​ပြီး​ ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့်​ ၇ ​နေရာမှာ ရပ်တည်ခဲ့​ပါတယ်။ ၂၀၀၇ ဆီး​ဂိမ်း​စ်မှာ ရရှိခဲ့​တဲ့​ ​ရွှေတံဆိပ် ၁၂ ခုထက်သာလွန်ခဲ့​ပြီး​ ​ရွှေတံဆိပ် ၁၄ ခုသာရရှိခဲ့​တဲ့​ ၂၀၀၇ ဆီး​ဂိမ်း​စ်ပြိုင်ပွဲထက်လည်း​ ပိုမို​အောင်မြင်ခဲ့​တယ်လို့​ ဆိုရမှာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ မြန်မာအသင်း​ ရခဲ့​တဲ့​ ​ရွှေတံဆိပ် ၁၆ခုအနက် ၉ခုကို ရိုး​ရာ​လှေ​လှော်ပြိုင်ပွဲ​တွေက​နေ ရရှိခဲ့​တာပါ။ ၂၀၀၉ ဆီး​ဂိမ်း​ပြိုင်ပွဲတုန်း​က​တော့​ ရိုး​ရာ​လှေ​လှော်ပြိုင်ပွဲ ပါဝင်ခြင်း​မရှိခဲ့​ဘဲ ​ရွှေတံဆိပ် ၁၂ ခုရရှိခဲ့​တာဖြစ်လို့​ ဆီး​ဂိမ်း​ပြိုင်ပွဲ နှစ်ခုမှာ ယှဉ်ပြိုင်ခဲ့​တဲ့​ မြန်မာအား​ကစား​အဖွဲ့​ရဲ့​ စွမ်း​ဆောင်ရည်ကို ချိန်ထိုး​သုံး​သပ်ဖို့​လိုအပ်ပါတယ်။ ၂၀၁၁ ဆီး​ဂိမ်း​စ်ပြိုင်ပွဲဝင် မြန်မာအား​ကစား​အဖွဲ့​တွေရဲ့​ အ​နေအထား​အရ မြန်မာအား​ကစား​လောကမှာ မျိုး​ဆက်သစ် အား​ကစား​သမား​တွေ ​ဖော်ထုတ်နိုင်မှု အလွန်အား​နည်း​နေတာ ​တွေ့​ရပါတယ်။ ​ပြေး​ခုန်ပစ်၊​ အ​လေး​မ၊​ ​သေနတ်ပစ်၊​ ​ဘော်လီ​ဘောစတဲ့​ တချိန်က ​အောင်မြင်မှုမြင့်​မား​ခဲ့​တဲ့​ အား​ကစား​နည်း​တွေမှာ ကျဆင်း​နေတာက ဝမ်း​နည်း​စရာပါ။ ၂၀၁၁ ဆီး​ဂိမ်း​ပြိုင်ပွဲဝင် မြန်မာအမျိုး​သား​ ​ဘော်လီ​ဘောအသင်း​ဟာ ၂၀၀၉ ဆီး​ဂိမ်း​ပြိုင်ပွဲကအတိုင်း​ ​ကြေး​တံဆိပ်သာရရှိခဲ့​တယ်။ မြန်မာ ​ဘော်လီ​ဘောအသင်း​မှာ ပါဝင်ကစား​သူ အများ​စုဟာ လူ​ဟောင်း​ သက်ကြီး​ကစား​သမား​တွေပါပဲ။ နည်း​ပြဘဝ​ရောက်​နေတဲ့​ သူတချို့​တောင် မြန်မာ့​လက်​ရွေး​စင်အသင်း​ရဲ့​လိုအပ်ချက်အရ ကစား​သမား​အဖြစ် ပြန်လည် ပါဝင်ကစား​ပေး​နေရတယ်။ ၂၀၀၉ ဆီး​ဂိမ်း​စ်မှာ တူရကီ တာ​ဝေး​အ​ပြေး​သမား​ တ​ယောက်ကို မြန်မာအမည် ​အောင်ခိုင်ဆိုပြီး​ ဝင်​ရောက်ယှဉ်ပြိုင်​စေလို့​ မီတာ ၁၀၀၀၀ ပြိုင်ပွဲမှာ မြန်မာ​ပြေး​ခုန်ပစ်အဖွဲ့​ရွှေတံဆိပ်ရခဲ့​တယ်။ ဒီနှစ်​တော့​ မြန်မာ​တွေသာပြိုင်ခဲ့​ပြီး​ အမြင့်​ဆုံး​ ​ငွေတံဆိပ်​တွေသာရခဲ့​တယ်။ အ​လေး​မအား​ကစား​နည်း​မှာလည်း​ ၂၀၀၉ တုန်း​က တရုတ်အ​လေး​မ မယ်တဦး​ ပါဝင်ခဲ့​လို့​ ​ရွှေတံဆိပ်ရရှိခဲ့​ပေမယ့်​ ဒီနှစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံသား​အစစ်​တွေနဲ့​ ယှဉ်ပြိုင်ရာမှာ​တော့​ ​ကြေး​တံဆိပ်တခုသာ အမြင့်​ဆုံး​ဆုအဖြစ် ရရှိပါတယ်။ မြန်မာအမျိုး​သမီး​ ဘတ်စကတ်​ဘောအသင်း​ဟာ ဆီး​ဂိမ်း​မှာ ဝင်မပြိုင်တာ နှစ်၂၀ ​လောက်ရှိပါပြီ။ ပြည်တွင်း​မှာလည်း​ အမျိုး​သမီး​ ဘတ်စကတ်​ဘောပြိုင်ပွဲဟာ မရှိသ​လောက်နီး​ပါး​ဖြစ်​နေလို့​လက်​ရွေး​စင်အသင်း​ဖွဲ့​ဖို့​တောင် ခက်ခဲလှပါတယ်။ ဒါ​ပေမယ့်​ ၂၀၁၁ ဆီး​ဂိမ်း​စ်ကို မြန်မာ့​လက်​ရွေး​စင် အမျိုး​သမီး​ဘတ်စကတ်​ဘောအသင်း​ ယှဉ်ပြိုင်ခဲ့​ပါတယ်။ ချန်ပီယံဖြစ်သွား​တဲ့​ ထိုင်း​အမျိုး​သမီး​ ဘတ်စကတ်​ဘော အသင်း​ကို ၇၇- ရဝမှတ်နဲ့​ အံဩဖွယ်အနိုင်ရခဲ့​ပါတယ်။ ကျန်ပွဲ​တွေမှာ ရလဒ်မ​ကောင်း​လို့​သာ အဆင့်​ ၄ ဖြစ်ခဲ့​တာပါ။ ဒါ​ပေမယ့်​ မြန်မာအမျိုး​သမီး​ ဘတ်စကတ်​ဘောအသင်း​ကိုလေ့​လာကြည့်​တော့​ မြန်မာနိုင်ငံသူ၊​ မြန်မာအမျိုး​သမီး​စင်စစ်​တွေ မဟုတ်တာ ​တွေ့​ရပါတယ်။ အား​လုံး​က တရုတ်နိုင်ငံက​နေ​ခေါ်ယူပြီး​မြန်မာအမည် ​ပြောင်း​ထား​သူ​တွေဖြစ်​နေပါတယ်။ မြန်မာအမျိုး​သမီး​တွေမှာ မြင်​တွေ့​ရ​လေ့​မရှိတဲ့​ အရပ်အ​မောင်း​ အလုံး​အထည်ပိုင်ရှင်​တွေဖြစ်သလိုဆီး​ဂိမ်း​စ်ပြိုင်ပွဲဝင် ကျန်အမျိုး​သမီး​ ဘတ်စကတ်​ဘောမယ်​တွေ ထက်လည်း​ ပိုမိုထွား​ကြိုင်း​ မြင့်​မား​ကြပါတယ်။ အထက်ပါဖြစ်စဉ်​တွေကို ကြည့်​ရင် မြန်မာအား​ကစား​လောကမှာ အရည်အချင်း​ ပြည့်​မီသူ အား​ကစား​သမား​တွေ ​ဖော်ထုတ်နိုင်မှု အား​နည်း​နေတာ သိသာပါတယ်။ တချိန်က အ​ရှေ့​တောင်အာရှ ကျွန်း​ဆွယ်အား​ကစား​နဲ့​ ဆီး​ဂိမ်း​စ်ပြိုင်ပွဲ​တွေမှာ မြန်မာနိုင်ငံသား​စစ်စစ်​တွေနဲ့​ယှဉ်ပြိုင်ရင်း​ မြန်မာတို့​အောင်မြင်မှု​တွေ ရခဲ့​တာပါ။ ဒီ​ခေတ်​ရောက်မှ မြန်မာ​တွေ ညံ့​သွား​ကြတာလား​။ ​သေချာစိစစ်သုံး​သပ်ဖို့​အ​ရေး​ကြီး​နေပါပြီ။ ၂၀၁၁ ဆီး​ဂိမ်း​စ်မှာ မြန်မာအား​ကစား​အဖွဲ့​အများ​စု ​အောင်မြင်မှု မရခဲ့​ပေမယ့်​ ချီး​ကျုး​ဂုဏ်ပြုထိုက်သူ​တွေလည်း​ရှိပါတယ်။ ​ရွှေတံဆိပ် ၉ ခု ရယူနိုင်ခဲ့​သူ ရိုး​ရာ​လှေ​လှော်အဖွဲ့​ရဲ့​အောင်မြင်မှုကို အသိအမှတ်ပြုမိပါတယ်။ အိမ်ရှင်နိုင်ငံက အထူး​အား​ထား​တဲ့​ ရိုး​ရာ​လှေ​လှော်မှာ မြန်မာ​တွေ ​အောင်ပွဲရဖို့​အတွက် ခက်ခဲပင်ပန်း​စွာ ကြိုး​ပမ်း​အား​ထုတ်ခဲ့​ရမှာ ​သေချာပါတယ်။ ​နောက်ထပ်အား​ကစား​အဖွဲ့​တွေအနက် ချီး​ကျုး​ရမှာက မြား​ပစ်အား​ကစား​ အဖွဲ့​ပါ။ ၂၀၁၁ဆီး​ဂိမ်း​မှာ ​ရွှေတံဆိပ် ၃ ခုရခဲ့​တဲ့​ မြန်မာမြား​ပစ်အဖွဲ့​ဟာ ကြိုတင် ပြင်ဆင်မှုအဖြစ် နိုင်ငံတကာပြိုင်ပွဲများ​စွာကို ဝင်​ရောက်ယှဉ်ပြိုင်ရင်း​ ​ငွေကုန်၊​ လူပင်ပန်း​ခံကာ ပြင်ဆင်ခဲ့​တာ​တွေ့​ရပါတယ်။ ​နောက်ထပ်အသိအမှတ်ပြုသင့်​တဲ့​ အား​ကစား​အဖွဲ့​တွေက​တော့​ ဂျူဒိုနဲ့​လက်​ဝှေ့​ အား​ကစား​အဖွဲ့​တွေပါပဲ။ ဂျူဒိုဟာ ​ရွှေတံဆိပ် ၁ ခုသာရခဲ့​တယ်ဆို​ပေမယ့်​ ကစား​သမား​ ၇ ဦး​အထိ ဗိုလ်လုပွဲတက်နိုင်ခဲ့​တာ ​တွေ့​ရပါတယ်။ လက်​ဝှေ့​အဖွဲ့​က ဗိုလ်လုပွဲကို ၃ ဦး​ တက်နိုင်ခဲ့​ပြီး​ ပြိုင်ဘက်​တွေကို အမှတ်နဲ ရှုံး​ခဲ့​လို့​ ​ရွှေဆုနဲ့​လွဲခဲ့​ရတာ ဖြစ်ပါတယ်။ ဒါ​ပေမယ့်​ ဒီဘက်နှစ်ပိုင်း​နှစ်​တွေမှာ​တော့​ အ​အောင်မြင်ဆုံး​လို့​ဆိုရမှာဖြစ်ပါတယ်။ အာရှနဲ့​ နိုင်ငံတကာအဆင့်​အထိ ​အောင်မြင်မှုရ​နေတဲ့​ ထိုင်း​၊​ ဖိလစ်ပိုင်တို့​ကို လတ်တ​လော​ကျော်ဖြတ်ဖို့​ခက်ခဲ​နေ​သေး​ပေမယ့်​ လက်ရှိအတိုင်း​ ဆက်လက် ကြိုး​စား​သွား​ရင် ၂၀၁၃ ဆီး​ဂိမ်း​စ် မြန်မာ လက်​ဝှေ့​သမား​အချို့​ရွှေတံဆိပ်ရနိုင်တဲ့​ အ​နေအထား​ဖြစ်ပါတယ်။ မည်သို့​ပင်ဖြစ်​စေ ၂၀၁၁ ဆီး​ဂိမ်း​ပြိုင်ပွဲမှာ မြန်မာအား​ကစား​အဖွဲ့​အချို့​ဟာ ချီး​ကျုး​ထိုက်သူ​တွေ ဖြစ်ခဲ့​ပေမယ့်​ အများ​စုက​တော့​ ပြုပြင်​ပြောင်း​လဲဖို့​လိုအပ်​နေတဲ့​ အ​နေအထား​ဖြစ်ပါတယ်။ ၂၀၁၃ ဆီး​ဂိမ်စ်မှာ ​အောင်မြင်မှု​တွေရဖို့​ တရုတ်နိုင်ငံသား​တွေကို ​ခေါ်ယူယှဉ်ပြိုင်မလား​။ မြန်မာစစ်​တွေနဲ့​ပဲ ဂုဏ်သိကာရှိရှိ ယှဉ်ပြိုင်မလား​ဆိုတာက အငြင်း​ပွား​ဖွယ် အ​နေအထား​မဟုတ်ပါဘူး​။ မြန်မာ အား​ကစား​ရဲ့​ဂုဏ်ကိုမြန်မာစစ်စစ်​တွေနဲ့​သာ မြှင့်​တင်ရမှာဖြစ်ပါတယ်။ မြှင့်​တင်နိုင်ဖို့​အတွက်လည်း​ သက်ဆိုင်ရာ အား​ကစား​နည်း​အလိုက် ကစား​သမား​သစ်​တွေ ရှာ​ဖွေ ​ဖော်ထုတ်ပြီး​ ​ခေတ်မီနည်း​စနစ်​တွေ သင်ကြား​ပြသနိုင်တဲ့​ နည်း​ပြ​ကောင်း​တွေ ငှား​ရမ်း​ပြီး​ လိုအပ်တဲ့​ အ​တွေ့​အကြုံ​ကောင်း​တွေရရှိဖို့​နိုင်ငံတကာ ပြိုင်ပွဲ​တွေကို ဝင်​ရောက် ယှဉ်ပြိုင်ရင်း​ ​ဆောင်ရွက်ဖို့​လိုအပ်လှပါတယ်။ ၂ နှစ်တာကာလဟာ ​အောင်မြင်မှူ​တွေယူဖို့​လုံ​လောက်တဲ့​ ပြင်ဆင်ချိန်ကာလဖြစ်ပါတယ်။ ဒါ​ပေမယ့် မလိမ်တမ်း​မညာတမ်း​ ပြင်း​ပြင်း​ထန်ထန် ကြိုး​စား​လုပ်​ဆောင်ကြဖို့​ လိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up