Home
မြန်မာသတင်း
စစ်မြေပြင်တိုက်ပွဲဝင်ရန် အမျိုးသမီးဗိုလ်လောင်းများကို ကာချုပ်မှာကြား
DVB
·
December 28, 2016
အမျိုးသမီးဗိုလ်လောင်းတွေအနေနဲ့ အုပ်ချုပ်မှုပညာသာမက စစ်မှုဆိုင်ရာ အတတ်ပညာတွေကိုပါ သင်ကြားပေးထားပြီး ဖြစ်လို့ လိုအပ်ရင် စစ်မြေပြင်အထိ တိုက်ပွဲဝင်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း တပ်မတော်အကြီးအကဲက ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) စစ်ရေးပြကွင်းမှာ မနေ့က ကျင်းပတဲ့ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မိန့်ခွန်းပြောကြားရာမှာ တပ်မတော်ထဲက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ပြောသွားတာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က“နိုင်ငံတော်ကာကွယ်ရေးတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများကို လေ့လာပါက လူသားအရင်းအမြစ်ကို အပြည့်အ၀ အသုံးချနိုင်သည်ကို တွေ့ရကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူသား အရင်းအမြစ်ကို အသုံးပြုရာမှာလည်း ယောက်ျား၊ မိန်းမ မခွဲခြားဘဲ ပါဝင်ဆောင်ရွက်နေကြကြောင်း နိုင်ငံအလိုက် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်အတွက် ခေတ်မီတပ်မတော်များ တည်ဆောက်ရာတွင် လည်း ကမ္ဘာ့နိုင်ငံအသီးသီးတွင် အမျိုးသမီးများကို အမျိုးသားများနည်းတူ စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင် စေလျက်ရှိကြောင်း၊ မြန်မာ့တပ်မတော် သမိုင်းတွင်လည်း လွတ်လပ်ရေး ကြိုးပမ်းမှုကာလများတွင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်တချို့ သမိုင်း ထင်ကျန်ရစ်ခဲ့ ကြောင်း”ပြောပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၅၄ ခုနှစ်ကစပြီး နိုင်ငံတော်ကာကွယ်ရေးအတွက် အမျိုးသမီး စစ်ဝန်ထမ်းတပ်တွေကို ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၊ ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းမှ အကောင်းဆုံး ဗိုလ်လောင်းဆုအဖြစ် ဗိုလ်လောင်းအမှတ် ၄၉ ဗိုလ်လောင်း ၀တ်ရည်အောင်ကို ဆုပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024