သမီး ၂ ဦးကို အသေခံဗုံးဖောက်ခွဲစေခဲ့သည့် ဂျီဟဒ်ဖခင် သေနတ်ဖြင့် ပစ်သတ်ခံရ (ရုပ်သံ)

3.5K
ဂျီဟဒ်ဖခင်တဦးဟာ အသက် ၇ နှစ်နဲ့ ၉ နှစ်အရွယ်တွေသာ ရှိကြသေးတဲ့ သမီးငယ်တွေကို အသေခံဗုံးဖောက်ခွဲ ခိုင်းစေခဲ့ပြီးနောက် သီတင်းတပတ်အကြာမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပြီလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အဲဒီအမျိုးသားဟာ ဆီးရီးယားနိုင်ငံ၊ ဒမာ့စ်ကပ်စ်ရဲစခန်းတခုမှာ အသေခံဗုံးဖောက်ခွဲမှု မလုပ်ခင် သမီးတွေကို နှုတ်ဆက်နေခဲ့တာ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။
ခုလို အသေခံဗုံးဖောက်ခွဲမှုဟာ ထိတ်လန့်စရာမဟုတ်ဘဲ မြင့်မြတ်တဲ့ ကောင်းကင်ဘုံကို ရောက်ရမှာဖြစ်တဲ့အတွက် ကောင်းမှုပြုလုပ်တာဖြစ်တယ်လို့ ကလေးတွေကို မှာကြားနေခဲ့ပြီး အပြန်အလှန် ပြောဆိုနေခဲ့ကြတာကို တွေ့ရပါတယ်။
အဲဒီနောက် သမီးငယ်ဟာ ရဲစခန်းတွင်းကို အေးအေးဆေးဆေးပဲ ဝင်ရောက်သွားပြီးနောက်မှာ အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲမှု ပြုလုပ်ခံခဲ့ရတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် ရဲစခန်းတွင်းမှ ရဲအရာရှိ ၃ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သတင်းက ဆိုပါတယ်။
ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ ဖခင်ဖြစ်သူဟာ သေနတ်သမားတွေရဲ့လက်ချက်နဲ့ မြို့တော် ဒမာ့စ်ကပ်စ်ရဲ့ အပြင်ဘက် တက်ရှ်ရှီးန်ဒေသမှာ သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
သူ့ရဲ့ အမည်ရင်းဟာ အဗ္ဗဒူ ရာမန် ရှာဒက်ဖြစ်ပြီး ၂၀၁၂ ခုနှစ်က ဆီးရီးယား ရုပ်သံတင်ဆက်သူ မိုဟာမက်ဒ် ရာဖီရာကို ပြန်ပေးဆွဲသတ်ဖြတ်မှုမှာ ပါဝင်ခဲ့ဖူးတယ်လို့ ရုရှားတူဒေးသတင်းစာရဲ့ အရှေ့အလယ်ပိုင်းဒေသ သတင်းထောက် လစ်ဇီဖလဲန်က ပြောပါတယ်။