ပစိဖိတ်သမုဒ္ဒရာတွင်း တရုတ်လေယာဉ်တင်သင်္ဘော လှုပ်ရှားမှုကို စောင့်ကြည့်နေဟု ထိုင်ဝမ် ပြော

ဓာတ်ပုံ - ရိုက်တာ
1.6K
ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းမှာ တရုတ်လေယာဉ်တင်သင်္ဘောရဲ့ လှုပ်ရှားမှုတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ပြောဆိုပါတယ်။
တရုတ်လေယာဉ်တင်သင်္ဘောနဲ့ စစ်သင်္ဘော ၅ စီးတို့ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်နိုင်ငံကြားက ဘာရှီ ရေလက်ကြား (Bashi Channel) ဖြတ်ပြီး ပြန်လည်ထွက်ခွာသွားခြင်းရှိ၊ မရှိကို ထိုင်ဝမ်အစိုးရက စောင့်ကြည့်နေတယ်လို့ ထိုင်ဝမ်အဆင့်မြင့်အရာရှိတွေက ပြောပါတယ်။
တရုတ်နိုင်ငံကတော့ ဒီစစ်သင်္ဘောတွေဟာ နှစ်စဉ် ပုံမှန်စစ်ရေးလေ့ကျင့်မှု အစီအစဉ်တရပ် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အခုလဆန်းပိုင်းက အမေရိကန်ရွေးကောက်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်နဲ့ ထိုင်ဝမ်သမ္မတ ဆိုင်တို့ တိုက်ရိုက်ဖုန်းဆက်စကားပြောဆိုမှုကို တုံ့ပြန်တဲ့အနေနဲ့ အခုလို တရုတ်လေယာဉ်တင်သင်္ဘောနဲ့ စစ်ရေးပြတာလို့ ထိုင်ဝမ်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
အခုလထဲမှာပဲ တရုတ်လေတပ်က ဂျပန်နိုင်ငံနဲ့ ထိုင်ဝမ်တို့ကို စစ်အင်အားပြတဲ့ အနေနဲ့ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွေမှာ တာဝေးစစ်ရေးလေ့ကျင့်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ အဲ့ဒါတွေဟာ ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေလို့ ထုတ်ပြန်ခဲ့ပါတယ်။