Home
မြန်မာသတင်း
စည်းကမ်းမလိုက်နာသည့် အမြန်ရေယာဉ်များအား အရေးယူနိုင်ရန် အားနည်းနေဆဲ
DVB
·
December 26, 2016
ချင်းတွင်းမြစ်ကြောင်းတွင်း စည်းကမ်းလိုက်နာမှုမရှိတဲ့ အမြန်ရေယာဉ်တွေကို အရေးယူနိုင်ရန် ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီအနေဖြင့် အားနည်းချက်တချို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ကော်မတီအနေနဲ့ စည်းကမ်းဖောက်ဖျက်တဲ့ ရေယာဉ်တွေကို အရေးယူရာမှာ ဒဏ်ငွေ ချမှတ်တာကလွဲပြီး တခြားအရေးယူမှုများ ဆောင်ရွက်နိုင်ဖို့ တိုက်ရိုက်လုပ်ပိုင်ခွင့် မရှိဘူးလို့ သိရပါတယ်။ “ကျနော်တို့ ကော်မတီအနေနဲ့ အမြန်ရေယာဉ်တွေကို ခရီးစဉ်မထွက်ခင်ကတည်းက ခရီးသည်ဦးရေကို ဂိတ်မှာ စစ်ဆေးပါတယ်။ သတ်မှတ်ထားတာထက် ပိုတင်တာတွေ့ရင် ပိုတဲ့ လူဦးရေကို ပြန်ချခိုင်းတယ်။ လမ်းမှာ အဆမတန်တင်တာတွေအပါအဝင် တခြားကိစ္စတွေနဲ့ ပတ်သက်ပြီး တရားဝင်တိုင်ကြားတာတွေ ရောက်လာရင် စစ်ဆေးပါတယ်။ တိုင်ကြားစာ မှန်ကန်ရင်တော့ ဒဏ်ငွေ စသဖြင့် အရေးယူမှုတွေ လုပ်ပါတယ်။ ဒါပေမယ့် အကန့်သတ်မရှိ ရပ်နားခိုင်းတာတို့၊ ဖျက်သိမ်းခိုင်းတာတို့၊ တရားစွဲတာတို့ကိုတော့ ကျနော်တို့မှာ လုပ်ပိုင်ခွင့်မရှိပါဘူး။ အဲဒါ ကော်မတီရဲ့ အားနည်းချက်ပါ။ ရေယာဉ်တွေကို အရေးယူနိုင်ဖို့က သီးသန့်ဥပဒေ၊ နည်းဥပဒေနဲ့ လုပ်ပိုင်ခွင့်တွေလည်း လိုအပ်ပါတယ်” လို့ ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီမှ ဌာနမှူး ဦးသောင်းညွန့်က ပြောပါတယ်။ အဆိုပါ စည်းကမ်းဖောက်ဖျက်တဲ့ ရေယာဉ်တွေကို အရေးယူရန်မှာ ဥပဒေအားနည်းချက်တချို့ ရှိနေသေးကြောင်းနဲ့ ဥပဒေကို ဖြည့်စွက်ရေးစွဲနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောကြားခဲ့ပါတယ်။ ယခုအချိန်မှာတော့ ချင်းတွင်းမြစ်ကြောင်းပြေးဆွဲနေတဲ့ ခရီးသည်တင်အမြန်ရေယာဉ်အသင်း ၉ သင်းနဲ့ ကုန်တင်ရေယာဉ်အသင်း ၁၈ သင်းတို့ ရှိကြောင်းသိရပြီး ရေယာဉ်အစီးရေပေါင်း ၁၃၄ စီးရှိတယ်လို့လည်း သိရပါတယ်။ “တခါက ချင်းတွင်းမြစ်အတွင်း ရေယာဉ်မှောက်လို့ လူပေါင်း ရာဂဏန်းနီးပါးလောက် သေဆုံးကတည်းက ရေလမ်းလိုက်မယ့် ခရီးသည်အားလုံး စိုးရိမ်နေကြတာလေ။ မလွှဲသာလို့သာ သွားလာကြတာကိုး။ ဒါ့ကြောင့် တကယ်လို့ ဖြစ်နိုင်ရင် တိုင်ကြားနိုင်ဖို့ တားဆီးအရေးယူပေးနိုင်မယ့် လုပ်ပိုင်ခွင့်ရှိတဲ့ဌာနတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဖုန်းနံပါတ်တွေကို ခရီးသည်တွေသိအောင် ရေယာဉ်တွေရဲ့ နေရာအနှံ့မှာ ရေးသားချိတ်ဆွဲထားစေချင်ပါတယ်လို့" ရေကြောင်းခရီး သွားလာနေသူ ကိုကျော်စိုးဦးက ဆိုပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့က လူဦးရေ ၃၀၀ နီးပါးတင်ဆောင်လာတဲ့ အောင်စိုးမိုးကျော်(၂) ရေယာဉ်နစ်မြုပ်ပြီးနောက်ပိုင်းမှာတော့ ရေယာဉ်စစ်ဆေးရေးအဖွဲ့ကို ဆိပ်ကမ်းမြို့အသီးသီးမှာ ဖွဲ့စည်းဆောင်ရွက်လျက်ရှိနေကြောင်း သိရပြီး စည်းကမ်းဖောက်ဖျက်တဲ့ ရေယာဉ်တွေကို တရားစွဲဖို့ လိုအပ်လာရင်လည်း ထိုအဖွဲ့အစည်း ခေါင်းဆောင်မှ တရားလို ပြုလုပ်နိုင်ကြောင်း သိရပါတယ်။ သတင်း - ရန်နိုင်စိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024