Home
မြန်မာသတင်း
မင်္ဂလာပွဲသွားသည့်စက်လှေ တိမ်းမှောက်၊ ကလေးငယ် ၁ ဦး ရေနစ်ပျောက်ဆုံးနေ
DVB
·
December 26, 2016
မြိတ်မြို့နယ်၊ ပြင်းငယ်ကျေးရွာအုပ်စု၊ ပြင်းငယ်ကျေးရွာမှာ မနေ့ မွန်းလွှဲ ၁ နာရီခွဲလောက်က ခရီးသည် ၄၀ ဦးခန့် တင်ဆောင်လာတဲ့ စက်လှေဟာ တဘက်ရွာရှိ မင်္ဂလာပွဲအပြန်မှာ  တိမ်းမှောက်ပြီး အသက် ၁၀ နှစ်ကျော် ကလေးငယ် ၂ ဦး ရေနစ်ပျောက်ဆုံးနေရာ ဒီနေ့ပိုင်း ကလေးငယ် ၁ ဦးကို ပြန်ရှာတွေ့ပြီး ၁ ဦးကို ဆက်လက်ရှာဖွေနေကြောင်း ဒေသခံရွာသားတွေက ပြောပါတယ်။ “တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ပြင်းငယ်ကျေးရွာအုပ်စု၊ ပြင်းငယ်ကျေးရွာမှ မြိတ်မြို့ပေါ်ရှိ မင်္ဂလာပွဲသို့ လာရောက်တဲ့ အဲဒီစက်လှေဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က ရွာအပြန် ပြင်းငယ်ကျေးရွာနှင့် ပိန္နဲတောင်ကျေးရွာအနီးရှိ ဗဟတ်ချောင်းကို ဖြတ်ကူးစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာ”လို့ ပြင်းငယ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းချိုက ပြောပါတယ်။ မင်္ဂလာပွဲ သွားတဲ့စက်လှေမှာ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၃၈ ဦး စုစုပေါင်း လူ ၄၀ ဦး ပါဝင်ကြောင်း၊ စက်လှေ တိမ်းမှောက်မှုဖြစ်ပွားစဉ် ဦးစိုးထိုက်ရဲ့သမီး ၂ ဦးဖြစ်တဲ့ အသက် ၁၂ နှစ်အရွယ်ရှိ မကံပွင့် နဲ့ အသက် ၁၀ နှစ်အရွယ်ရှိ မကဖွေးတို့ဟာ အခင်းဖြစ်ပွားရာနေရာမှ ရေနစ် ပျောက်ဆုံးသွားခဲ့ပြီး ညီအစ်မနှစ်ဦးမှ အငယ်တဦးဖြစ်သူ မကနွေးရဲ့အလောင်းကို ဒီနေ့ ပြန်လည်တွေ့ရှိရပါတယ်။ “စက်လှေနစ်မြုပ် ရေထဲမျောပါးသွားတဲ့ ကလေးငယ် ၂ ဦးကို အခုထိ ကျနော်တို့ ရှာဖွေနေတုန်းပါ၊ ရွာမှာရှိတဲ့ စက်လှေ ၁၀ စီးနဲ့ ရှာဖွေနေပါတယ်၊ ပြန်မတွေ့သေးပါဘူး”လို့ ဦးဝင်းချိုက ပြောဆိုပါတယ်။ စက်လှေရေယာဉ် မဆင်မခြင်မောင်းနှင်သူ ဦးညိုဟိန်းအား မြိတ်မြို့မရဲစခန်းရုံးမှ (ပ) ၂၄၄၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၂၈၀ အရအမှုဖွင့် ဆောင်ရွက်နေတယ်လို့ မြိတ်မြို့မရဲစခန်းရုံမှ သိရပါတယ်။ သတင်း - ဇော်ဇော်(မြိတ်)၊ ဓာတ်ပုံ - ဦးဝင်းချို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024