မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း တရုတ်ဖိတ်ခေါ်ဖလားပွဲ ယှဉ်ပြိုင်မည်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်
2.2K
တရုတ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ် (စီအက်ဖ်အေ) ရဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကို ဖိတ်ကြားချက်အရ မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းဟာ ၂၀၁၇ ဇန်နဝါရီလ ၁၉ ရက်ကနေ ၂၄ ရက်နေ့အထိ ဂွမ်ဒေါင်းခရိုင်မှာ ကျင်းပမယ့် CFA International Women's Football Tournament 2017 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ အိမ်ရှင် တရုတ်၊ မြန်မာ၊ ယူကရိန်းနဲ့ ထိုင်းနိုင်ငံတွေက လက်ရွေးစင် အမျိုးသမီးအသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
စီအက်ဖ်အေအနေနဲ့ ၂၀၁၆ ဇန်နဝါရီလမှာ တရုတ်၊ မက္ကဆီကို၊ တောင်ကိုရီးယား၊ ဗီယက်နမ်တို့ပါဝင်တဲ့ လေးနိုင်ငံ ဖိတ်ခေါ်ပွဲကိုလည်း ကျင်းပခဲ့ဖူးပြီး ဒီပွဲမှာ အိမ်ရှင် တရုတ်အသင်းက ဗိုလ်စွဲခဲ့ပါတယ်။
နယ်သာလန်နည်းပြ တာဝန်ယူ ကိုင်တွယ်နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ၂၀၁၇ ခုနှစ် ဧပြီလမှာကျင်းပမယ့် AFC Women's Asian Cup 2018 ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားဖို့လည်း ရှိနေပြီး တရုတ်ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ အသင်းအတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်မှု ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။