Home
မြန်မာသတင်း
တိုင်းမှူးနာမည်သုံး ယာဉ်စည်းကမ်းဖောက်ဖျက်သူကို အရေးယူရန် ရဲတပ်ဖွဲ့ရှာဖွေ
DVB
·
December 25, 2016
တိုင်းမှူးဦးဝင်းနိုင်ရဲ့ သူငယ်ချင်းလို့ အမည်အလွဲသုံးစားပြုပြီး  ယာဉ်စည်းကမ်းလမ်းစည်းဖောက်ဖျက်ခဲ့သူကို အရေးယူသွားမှာဖြစ်ပြီး အဆိုပါ ယာဉ်ကို တွေ့ရှိပါက အကြောင်းကြားဖို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာ ၂၄ ရက်က ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း(အလယ်) ဘလောက်မှာ 5F-8266 Land Cruiser (Cygnus) အမျိုးအစားမော်တော်ယာဉ်တစီးဟာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်ပြီး အချိန်ကြာမြင့်စွာ ရပ်တန့်ထားတာကို အခြားယာဉ်ပိုင်ရှင်တဦးက မီးပွိုင့်တာဝန်ကျ  ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တဦးထံ အကြောင်းကြားခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်က ယာဉ်ပိုင်ရှင်ကို ဆက်သွယ်အကြောင်းကြားလို့ ယာဉ်ပိုင်ရှင်ရောက်ရှိလာရာ ယာဉ်ထိန်းရဲက ကားဝှီးတက်နဲ့  ယာဉ်မောင်းလိုင်စင်အား ပြသဖို့ ပြောဆိုစဉ် ယာဉ်ပိုင်ရှင်က  တိုင်မှူးဦးဝင်းနိုင်ရဲ့ သူငယ်ချင်းလို့ ပြောဆိုပြီး မော်တော်ယာဉ်အား မောင်းနှင်ထွက်သွားတယ်လို့ ဆိုပါတယ်။ အဆိုပါ စည်းကမ်းပျက် မော်တော်ယာဉ် ပိုင်ရှင်နဲ့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊  ရဲမှူးချုပ် ၀င်းနိုင်တို့ မသိရှိကြောင်း၊ အခုလို ပြောဆိုချက်ဟာ  တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲ့ အမည်ကို အလွဲသုံးစား ပြုလုပ်ပြောဆိုတာဖြစ်ကြောင်း၊ မော်တော်ယာဉ်အား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ယာဉ်ပိုင်ရှင်ဟာ လမ်းမတော်မြို့နယ်၊ အမှတ်(၉၇)၊ (၁)ရပ်ကွက်နေ ဒေါ်တင်တင်အောင် ဆိုသူဖြစ်ကြောင်း သိရလို့ သွားရောက်စုံစမ်းရာ အဆိုလိပ်စာမှာ နိုင်ငံခြားသားတွေ နေထိုင်ကြောင်း တွေ့ရှိပြီး ယာဉ်ပိုင်ရှင်ရဲ့ နေရပ်လိပ်စာအမှန်ကို ဆက်လက်စုံစမ်းရှာဖွေနေပါတယ်။ အဆိုပါသတင်းအား လူမှုကွန်ရက် အင်တာနက်စာမျက်နှာမှာ ဖော်ပြခဲ့မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖြစ်စဉ်ကို သိရှိရလို့  သတင်းရေးသားဖော်ပြသူကိုလည်း ကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သတင်းပါမော်တော်ယာဉ်ပိုင်ရှင်ဟာ တိုင်းတပ်ဖွဲ့မှူးရဲ့ သူငယ်ချင်း၊ မိတ်ဆွေ ဖြစ်ကြောင်း စိစစ်သိရှိပါကလည်း ဥပဒေအတိုင်းအရေးယူ ဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ မော်တော်ယာဉ်ပိုင်ရှင်အနေနဲ့လည်း ဒီကိစ္စကို  လာရောက်ဖြေရှင်းဖို့နဲ့ ဖြေရှင်းခြင်းမပြုပါက  ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယာဉ်လိုင်စင်သက်တမ်း တိုးမြှင့်မှု ရာသက်ပန် ပိတ်သိမ်းသွားမှာဖြစ်ကြောင်းနဲ့  ပိုင်ရှင်က လာရောက်ဖြေရှင်းလာပါကလည်း လူမှုကွန်ရက်အင်တာနက် စာမျက်နှာမှာ ပြန်လည်အသိပေး ဖော်ပြသွားမယ်လို့ ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ အဆိုပါ မော်တော်ယာဉ် 5F-8266 LandCruiser (Cygnus) အမျိုးအစားကို တွေ့ရှိပါက ဖော်ပြပါ ဖုန်းနံပါတ်တွေကို ဆက်သွယ်ဖို့ ရေးသားထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ၀၁- ၂၃၂၃၁၉၉၊ ၁၉၉ အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ၀၁-၂၉၆၄၅၄၊ ၀၁-၂၉၁၂၈၅၊ အမှတ်(၇)ယာဉ်ထိန်းရဲတပ်ဖွဲ့၊  ဒုတပ်ဖွဲ့ခွဲ၀၉-၅၄၀၉၀၃၀၊၀၉-၂၅၀၀၆၀၈၇၈
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024