Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ် ၃ လုံး ဆုံးရှုံး
DVB
·
December 25, 2016
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် နယ်ထီးလှိုင်အနောက်ရွာမှာ ဒီဇင်ဘာ ၂၄ ရက် မနက် ၁၀ နာရီလောက်က ကိုချိုလေးရဲ့ နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှ နေအိမ်ထရံကို မီးကူးစက်လောင်ကျွမ်းပြီး အနီးအနားရှိ လူနေအိမ် ၂ လုံးနဲ့ မီးဖိုတဲတလုံးကို ထပ်မံလောင်ကျွမ်းမှု ဖြစ်ခဲ့ပါတယ်။ “စပါးရိတ်ချိန်ဆိုတော့ လူတွေကတောထဲမှာ ကိုချိုလေးအိမ်ကနေ ကိုချိုတူးအိမ်၊ ကိုမြင့်နီအိမ်နဲ့ ဦးဖိုးကျန်မီးဖိုတဲကို မီးကူးစက်လောင်တာ။ မိဘနဲ့ညီအစ်ကိုတတွေ အိမ်ဝိုင်းတခုတည်း စုနေကြတာ။ အိမ်တွေက ကပ်နေတော့ မီးကူးလွယ်သွားတာပေါ့” လို့ အမှုစစ်အရာရှိ ဒုရဲအုပ်ကြည်မင်းနိုင်က ပြောပါတယ်။ မီးလောင်ကျွမ်းတဲ့နေအိမ်တွေဟာ ၀ါခင်းထရံကာတွေ ဖြစ်တာကြောင့် ကျပ် ၁ သိန်း ၈ သောင်းဖိုးလောက် ဆုံးရှုံးတယ်လို့ ဝမ်းတွင်းမြို့နယ် မိးသတ်ဦးစီးမှူး ဦးကျော်မျိုးက ပြောပါတယ်။ “ထင်းမီးဖိုနဲ့ ထရံက သိပ်နီးတယ်။ မီးငြိမ်းပြီလို့ ထားခဲ့တဲ့ မီးဖိုက မီးကနေ ထရံကို ကူးလောင်တာ။ မီးသတ်ယာဉ်လေးစီးနဲ့ မီးသတ်တပ်ဖွဲ့ဝင် သန္ဓေအရန် ၃၀ လောက် ရွာသူရွာသား ၇၀ လောက်၊ မိနစ် ၃၀ လောက်ငြိမ်းလိုက်ရတယ်။ မီးဘေးသင့်အိမ်ထောင်စု ၃ စု၊ လူ ၁၂ ယောက်တို့က သူတို့ရဲ့ မိဘ ဦးဖိုကျန်အိမ်မှာနေကြတယ်လို့ ရွာခံ ကိုဇော်မိုးက ပြောပါတယ်။ မီးနှင့်မီးလောင်လွယ်သောအရာများကို ပေါ့ဆသော ပြစ်မှု ရာဇသတ်ကြီး ပုဒ်မ ၂၈၅ နဲ့ အိမ်ရှင် ကိုချိုလေးကို ၀မ်းတွင်းမြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေပါတယ်။ သတင်းမောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024