ဆမ်အလာဒိုက်စ်ကို ပဲလေ့စ်အသင်း နည်းပြအဖြစ် ခန့်အပ်

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ နည်းပြရာထူးကနေ ထုတ်ပယ်လိုက်တဲ့ အလန်ပါဂျူးရဲ့နေရာမှာ အင်္ဂလန်နည်းပြဟောင်း ဆမ်အလာဒိုက်စ်နဲ့ အစားထိုး ခန့်အပ်လိုက်ပါတယ်။ ခရစ္စတယ်ပဲလေ့စ် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲမှာ တပွဲသာနိုင်ပွဲရခဲ့ပြီး တန်းဆင်းဇုန်က အသင်းတွေနဲ့ တမှတ်သာ ကွာနေတာဖြစ်ပါတယ်။ ဒီလိုရလဒ်ဆိုးတွေကို  မိမိမှာရှိတဲ့ အတွေ့အကြုံကောင်းတွေနဲ့ ချေဖျက်နိုင်ဖို့ ပြင်ဆင်သွားမှာ ဖြစ်ပြီး လာမယ့်နှစ်သစ်မှာ ကောင်းမွန်တဲ့ အဆင့်တခုရဖို့ မျှော်လင့်တယ်လို့ ဆမ်အလာဒိုက်စ်က ပြောပါတယ်။ အသက် ၆၂ နှစ်ရှိ ဆမ်အလာဒိုက်စ်ဟာ အင်္ဂလန်ပရီးမီးယားလိဂ် အတွေ့အကြုံရှိတဲ့ နည်းပြတဦးဖြစ်ပြီး ဘော်တန်၊ ဆန်းဒါးလန်း၊ နယူးကာဆယ်၊ ဘလက်ဘန်း၊ ၀က်စ်ဟမ်း စတဲ့အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဆမ်အလာဒိုက်စ်ဟာ နည်းပြဘ၀ သက်တမ်းတလျှောက်မှာ ဘယ်အသင်းနဲ့မှ တန်းမဆင်းဖူးတဲ့ စံချိန်ကောင်း ပိုင်ဆိုင်ထား  ပါတယ်။ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ လာမယ့်ဇန်န၀ါရီ အပြောင်းအရွှေ့မှာလည်း ပေါင်းသန်း၂၀ လောက် ငွေသုံးပြီး ကစားသမားဝယ်ယူခွင့် ပေးသွားမယ်လို့ သိရပါတယ်။

More News
Up