Home
မြန်မာသတင်း
အပူဆုံးနှစ် ၂၀၁၆ ဖြစ်ဟု မိုးလေ၀သပညာရှင် ပြော
DVB
·
December 24, 2016
၂၀၁၆ ခုနှစ်ဟာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့သလို ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အရေးအကြီးဆုံးတွေ့ရှိချက် ၁၀ ခု ရှိတယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။ အပူချိန်တိုးတိုးလာတာကို ပထမဆုံးတွေ့ရှိချက်အဖြစ် ဖော်ပြထားပြီး ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ဟာ ကမ္ဘာ့သမိုင်းမှာ အပူဆုံးနှစ်ဖြစ်ခဲ့တယ်။ ၂၀၁၅ ခုနှစ်ရောက်တော့ ၂၀၁၄ ခုနှစ်ထက် ပိုပူပြီး အပူဆုံးနှစ် ဖြစ်လာခဲ့တယ်။ အခု ၂၀၁၆ ခုနှစ် မကုန်ဆုံးသေးပေမယ့် ၂၀၁၆ ခုနှစ်ဟာ ၂၀၁၅ ခုနှစ်ရဲ့ အပူချိန်ကို စံချိန်ချိုးပြီး သမိုင်းမှာ အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့ပြန်ပြီ။ ဒီလိုဆိုရင် လာမယ့် ၂၀၁၇၊ ၂၀၁၈….စတဲ့ နှစ်တွေဟာလည်း တနှစ်ထက်တနှစ် ပိုပူသည်ထက်ပိုပူတဲ့နှစ်တွေဖြစ်လာဖို့ များနေပြီလို့ ဦးထွန်းလွင်က ရေးသားဖော်ပြပါတယ်။ တွေ့ရှိချက် ၂ အနေနဲ့ အပူချိန်တိုးလာမှုဟာ နေရာအလိုက် ကွဲပြားခြားနားတယ်လို့ ဆိုပါတယ်။ တောင်ဘက်ကမ္ဘာခြမ်းရဲ့ အချို့ဒေသတွေဟာ အအေးပိုမှုကိုကြုံတွေ့ရနိုင်ပြီး မြောက်ကမ္ဘာခြမ်းရဲ့ အာတိတ်ဒေသ၊ ဂရင်လန်ကျွန်း၊ အလာစကာဒေသ တို့မှာတော့ အပူချိန်မြင့်တက်မှုကြောင့် သိသိသာသာ ထူးခြားတဲ့ ပူနွေးတဲ့ရာသီဥတုကို ကြုံတွေ့ကြပါလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အလားတူပဲ အားကောင်းတဲ့ ပူနွေးရာသီဥတုကို အာရှ၊ မြောက်အာဖရိကနဲ့ မြေထဲပင်လယ်ဒေသတွေမှာလည်း ကြုံတွေ့ရနိုင်တယ်လို့ ခန့်မှန်းပါတယ်။ ဆက်လက်ပြီး လူ့ပယောဂကြောင့် အပူချိန်တိုးတယ်၊ အနာဂတ်မှာ အပူချိန်တိုးလာမယ့်အထဲ လာမယ့် သက္ကရာဇ် ၂၁၀၀ မှာ အရှေ့တောင်အာရှနိုင်ငံတွေမှာ လက်ရှိပျမ်းမျှအပူချိန်တွေထက် +4°C တိုးလာမယ်၊ ဖန်လုံအိမ်ဓာတ်ငွေ့များ တိုးပွားလာမယ် စသဖြင့် ကမ္ဘာကြီး ပိုပြီး ပူနွေးလာမယ့်အကြောင်း ဦးထွန်းလွင်က ခန့်မှန်း သုံးသပ်ထားပါတယ်။ သူက  ရာသီဥတုပြောင်းလဲခြင်းဆိုတာကို ချစ်ချင်လည်းချစ်မယ်၊ မုန်းချင်လည်းမုန်းမယ်၊ ဒါပေမယ့် ပစ်ပယ်လို့တော့ မရပါဘူးတဲ့။ ဘာပြုလို့လဲဆိုတော့ ရာသီဥတုပြောင်းလဲခြင်းဆိုတာဟာ အမှန်တရားသစ္စာ ဖြစ်နေလို့ပါပဲလို့ အဆုံးသတ် ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024