Home
မြန်မာသတင်း
မြန်မာနိုင်ငံအတွက် မီးသတ်ရဟတ်ယာဉ်ဝယ်ယူရန် အစီအစဉ်မရှိသေး
DVB
·
December 24, 2016
မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားတဲ့မီးလောင်မှုတွေမှာ အသုံးပြုဖို့ ခေတ်မီ မီးသတ်ရဟတ်ယာဉ်တွေ ၀ယ်ယူဖို့  အစီအစဉ်မရှိသေးပေမယ့် ကယ်ဆယ်ရေးမီးသတ်ကား ၆၅စီးကို ဆွီဒင်နိုင်ငံကနေ ၀ယ်ယူသွားမယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ  မီးသတ်ဦးစီးဌာနအတွက် ပိုလန်နိုင်ငံက ယူရိုငွေ သန်း ၅၀ချေးဖို့ကိစ္စနဲ့ စပ်လျဉ်းပြီး ပြီးခဲ့တဲ့သီတင်းပတ်က ပြည်တောင်စုလွှတ်တော်မှာ ဆွေးနွေးကြရာမှာ  မီးသတ်ရဟတ်ယာဉ်ဝယ်ယူ အသုံးပြုဖို့ လွှတ်တော်အမတ်တွေက အကြံပြုတိုက်တွန်းခဲ့ကြတာပါ။ လက်ရှိအချိန်မှာတော့ လိုအပ်ချက်တွေ အများအပြားရှိနေသေးတဲ့အတွက် မီးသတ်ရ ဟတ်ယာဉ်ဝယ်ဖို့ အစီအစဉ်မရှိသေးဘူးလို့  မီးသတ်ဦးစီးဌာနညွန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ဒီဗွီဘီကိုပြောပါတယ်။ “ကျနော်တို့က ရဟတ်ယာဉ်ဝယ်ဖို့ အစီစဉ်မရှိပါဘူး။ ကျနော်တို့အနေအထားနဲ့က ရဟတ်ယာဉ်က မကိုင်နိုင်သေးဘူး။ လေယာဉ်ရုံတွေ၊ ရဟတ်ယာဉ်မောင်းတွေ၊ လေကြောင်းထိန်း သိမ်းရေးဝန်ထမ်းတွေ၊ ဆက်သွယ်ရေးစနစ်တွေ၊ ပြုပြင်ထိမ်းသိမ်းရေးတွေ၊ နေ့စဉ်စစ်ဆေး ပျံသန်းမှုတွေ၊ နေ့စဉ်မောင်းရတဲ့ စရိတ်တွေဘာတွေက အရမ်းများတယ်တဲ့။ နိုင်ငံတကာမှာရှိတဲ့ ကျွမ်းကျင်သူတွေကို လိုက်ပြီး အကြံဉာဏ်တောင်းတဲ့ အခါကျ၊  သူတို့ကတော့ တိုက်တွန်းတာ မ၀ယ်ပါနဲ့ ဦးတဲ့။ ကျနော်တို့မှာက အခြေခံလိုအပ်ချက်တွေမရှိဘဲနဲ့ ရဟတ်ယာဉ်သွားဝယ်ရင် လက်ရှိမြေပြင်မှာ တကယ်လိုအပ်တဲ့ ဟာတွေ ကျနော်တို့က မဖြည့်ဆည်းနိုင်သေးဘူး။ အဲဒါကြောင့် မြေပြင်လိုအပ်ချက်တွေ အရင်ယူပြီးတော့မှ ဝေဟင်နဲ့ ပတ်သက်တာတွေ နောက်ပိုင်းတော့လုပ်မှာပါ” မီးသတ်ရဟတ်ယာဉ်ဝယ်ယူဖို့အတွက်  ပြည်ထဲရေးဌာနကလည်း အတည်ပြု သဘောတူထားခြင်းမရှိသေးဘူးလို့လည်းပြောပါတယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အတွက် အီးယူ ဥရောပ သမဂ္ဂနိုင်ငံများ အဖွဲ့ ထဲက ပိုလန်နိုင်ငံက  အကူအညီပေးဖို့ ကမ်းလှမ်းထားတာဖြစ်ပါတယ်။ ဒီအကူအညီတွေနဲ့ တစ်စီးကို ယူယိုငွေ ၄သိန်း လောက်တန်ဖိုးရှိတဲ့  ဆွီဒင်လုပ် Volvo အမျိုးအစား မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးယာဉ် ၆၅ စီးကို ၀ယ်ယူဖို့ လွှတ်တော်မှာ တင်ထားပြီး လွှတ်တော်က ခွင့်ပြုရင်ဝယ်ယူဖို့ရှိနေ တယ်လို့သိရပါတယ်။ ရှာဖွေကယ်ဆယ်ရေးမီးသတ်ကားအသစ်တွေ ထပ်မံဝယ်ယူဖြည့်တင်းနိုင်ရင်တော့လက်ရှိ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအတွက် အထောက်အကူဖြစ်စေမယ်လို့ မီးသတ်ဦးစီးဌာန  ညွန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်။ “မီးသတ်တဲ့ အဆင့်ကတော့ ကျနော်တို့မှာ လုံလောက်တယ်။ အခုက ဘာလိုလဲဆိုတော့ ကယ်ဆယ်ရေးကိစ္စ အခုက ငလျင်တွေဘာတွေတအားလှုပ်လာတယ်၊ ငလျင်လှုပ်တာတွေ ဖြစ်လာတဲ့အခါကျတော့်  အဆောက်အဦ တွေဘာတွေ ပြိုပြီ လဲပြီဆိုတဲ့ အခါကျရင် ဒီအဆောက်ဦတွေကနေ အပျက်အစီးတွေရှင်းလင်း ဖယ်ရှားတာပေါ့။ တရုတ်နိုင်ငံမှာဖြစ်ခဲ့တဲ့ စီချွမ်ငလျင်လိုဟာမျိုး၊ နောက်ပြီးတော့ ယာဉ်မတော်တဆမှုတွေ၊ ကွန်တိန်နာတွေ ဘာတွေမှောက်တဲ့ကိစ္စတွေ၊ နောက် ညကလို မန္တလာမင်းယာဉ် အမြန်လမ်းမှာ ဖြစ်တဲ့ကိစ္စမျိုးဆိုရင် ဒီလိုကားကြီးတွေရှိတဲ့အခါကျတော့ကယ်စရာရှိလည်းကယ် မီးသတ်စရာရှိလည်းသတ် အကုန်လုပ်လို့ရတာပေါ့။  အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ကားမှောက်တယ်ဆိုရင် ကျနော်တို့မှာ ဂျပန်က လှူထားတဲ့ အသက်ကယ်ကားရှိတယ် သွားပေမယ့် ဟိုရောက်ရင် မီးပါလောင်နေရော မီးလောင်တော့ မီးသတ်ကား ထပ်ခေါ်ရကော အဲဒီပြသနာလေးတွေရှိတာပေါ့” ပြီးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာတော့  ဗိုလ်တထောင်အမတ် ဒေါ်မြင့်မြင့်စိုးက  ရုရှားလုပ် မီးသတ်ရဟတ်ယာဉ်တစီးရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၇ သန်းကနေ ၁၅ သန်းအကြားရှိတဲ့ အတွက် ချေးငွေအကူအညီနဲ့ ရဟတ်ယာဉ်တစီးအပြင် နောက်ထပ် မီးသတ်ကားအစီး ၅၀ လောက် ၀ယ်ယူနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ယခုဝယ်ယူမယ့် မီးသတ်ကယ်ဆယ်ရေးယာဉ်စက်စ္စည်းတွေဟာ ကြီးမားလွန်းတဲ့အတွက် ရန်ကုန်မြို့နဲ့ မြို့ကြီးတွေမှာ အထပ်မြင့် အဆောက်အအုံတွေ၊ ကျဉ်းမြောင်းတဲ့လမ်းတွေနဲ့ ယာဉ်ကြော ပိတ်ဆို့မှုတွေကြောင့် အလွယ်တကူသွားလာနိုင်မှုမရှိမရှိလည်း မေးခွန်းထုတ်သွားခဲ့ပါတယ်။ လက်ရှိမြန်မာတနိုင်ငံလုံးမှာ အသုံးပြုနေတဲ့ မီးသတ်ကားအစီးရေ စုစုပေါင်း  ၃ထောင်ကျော်ရှိပြီး အများစုက တရုတ်နိုင်ငံက၀ယ်ယူထားတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024