ရွှေမိပလတ်စတစ်စက်ရုံမှ အလုပ်သမားများ မြို့တော်ခန်းမရှေ့ထိ လမ်းလျှောက်ဆန္ဒပြမည်
အာကာ
·
December 22, 2016
ဆန္ဒပြတောင်းဆိုတာ ၂၅ ရက်မြောက်ရှိနေပြီဖြစ်တဲ့ ရွှေမိပလတ်စတစ်စက်ရုံက အလုပ်သမားတွေအနေနဲ့ ၂ ပတ်အတွင်း ပြေလည်မှုမရရင် မြို့တော်ခန်းမရှေ့ထိ လမ်းလျှောက် ဆန္ဒပြတောင်းဆိုသွားမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
လှိုင်သာယာစက်မှုဇုန် ၁ ရွှေမိပလတ်စတစ်စက်ရုံက အလုပ်သမားတွေဟာ နိုဝင်ဘာ ၂၈ ရက်နေ့က စတင်ဆန္ဒပြ တောင်းဆိုနေတာဖြစ်ပြီး အရှိန်အဟုန်မြှင့် တောင်းဆိုမယ့် အခြေအနေတွေကို ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့က စက်ရုံရှေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
အလုပ်သမားတွေအနေနဲ့ လုပ်ခလစာတိုးမြှင့်ပေးဖို့နဲ့ ဓာတုဗေဒ ကိုင်တွယ်လုပ်ကိုင်ရတာတွေအတွက် ကရုဏာကြေး သတ်မှတ်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။
ရွှေမိ အခြေခံအလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးနေဇာထွန်းက “ကျနော်တို့ ပြဿ နာကို တိုင်းအစိုးရအဖွဲ့ကို ဝင်ရောက်ညှိနှိုင်းပေးစေချင်ပါတယ်။ တကယ်လို့ ၂ ပတ်အတွင်း ပြေလည်မှုမရရင် လမ်းလျှောက် ဆန္ဒဖော်ထုတ်သွားမှာပါ။ ညီနောင်သမဂ္ဂအဖွဲ့တွေ အပါအဝင် လူအင်အား ၁၀၀၀ လောက်နဲ့ တောင်းဆိုသွားပါမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။