ဘိုင်ယန်မြူးနစ်က လိုက်ဇစ်ကို ၃ ဂိုးပြတ်ဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

ဒီဇင်ဘာ ၂၁ ရက်ညက ယှဉ်ပြိုင်သွားတဲ့ ဂျာမန်ဘွန်ဒတ်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က လိုက်ဇစ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ ပြိုင်ပွဲမစခင် ဘာလင်မြို့မှာ ကုန်ကားနဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့ပါတယ်။ ဘိုင်ယန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၇ မိနစ်မှာ အယ်ကန်တာရာက သွင်းယူပြီး ဒုတိယဂိုးကို ၂၅ မိနစ်မှာ အလွန်ဆိုက သွင်းယူပါတယ်။ မိနစ် ၃၀ မှာတော့ လိုက်ဇစ်အသင်းက ကစားသမားတဦး တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံရပြီး တယောက်လျော့နဲ့ ယှဉ်ပြိုင်သွားရပါတယ်။ အိမ်ရှင် ဘိုင်ယန်အတွက် တတိယဂိုးကို ၄၅ မိနစ်မှာ တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက ပင်နယ်တီကနေ သွင်းယူပါတယ်။ ရာသီအစမှာကတည်းက ခြေစွမ်းတက်နေတဲ့ လိုက်ဇစ်အသင်းအတွက် ဒီရာသီထဲမှာ ဒုတိယမြောက်ရှုံးပွဲ တွေ့သွားတာပါ။ ဒီပွဲနိုင်တဲ့ ဘိုင်ယန်က ၃၉ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး လိုက်ဇစ်အသင်းက ၃၆ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

More News
Up