Home
မြန်မာသတင်း
အန်အယ်လ်ဒီလွှတ်တော် အစိုးရနောက် မျောပါပြီး ထိန်းကျောင်းမှု အားနည်း
ရွှေအောင်
·
December 21, 2016
  လွှတ်တော်အရပ်ရပ်ရဲ့ တတိယအကြိမ်စည်းဝေးပွဲတွေ ဒီနေ့ကစလို့ ရပ်နားလိုက်ပြီး အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်အများစုကြီးစိုးတဲ့  ဒီတကြိမ်လွှတ်တော်ဟာ အစိုးရအဖွဲ့နောက် မျောပါနေ တယ်လို့ ဝေဖန်မှု ထွက်ပေါ်နေပါတယ်။ ၁၉ ရက်ကြာ ကျင်းပခဲ့တဲ့ ပြည်သူ့နဲ့ အမျိုးသားလွှတ်တော် ၂ ရပ်တို့ ဒီနေ့ကစလို့ ခေတ္တရပ်နားလိုက်တာဖြစ်ပြီး ဒီတကြိမ်ပြည်သူ့လွှတ်တော်အတွင်း ဥပဒေကြမ်း ၇ ခု အတည်ပြုခဲ့ပါတယ်။ လွှတ်တော်နှစ်ရပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်မှာ တတိယအကြိမ် ခေါ်ယူကျင်းပခဲ့တာဖြစ်ပြီး ဥပဒေကြမ်း ၁၀ ခု အတည်ပြုဖို့ ကျန်သေးတယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောပါတယ်။ လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေတွေကို ပြည်သူက လိုက်နာစောင့်ထိန်းနိုင်ခြင်း ရှိ မရှိကို အလေးအနက်ထား စဉ်းစားကြဖို့လိုတယ်လို့ ဦးဝင်းမြင့်က ဒီနေ့ နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်း ပြောကြားပါတယ်။ “လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေများဟာ ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်ခြင်း ရှိ မရှိနဲ့ ပြည်သူလူထုက လိုက်နာစောင့်ထိန်းနိုင်ခြင်း ရှိ မရှိတို့ကိုလည်း အလေးအနက်ထား စဉ်းစားကြရမှာ ဖြစ်ပါတယ်။ ပြည်သူတွေလိုက်နာနိုင်တဲ့ Law Binding များ ဖြစ်မှသာ တရားဥပဒေစိုးမိုးရေး ရရှိမှာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး ရှိမှသာ အုပ်ချုပ်ရေးမဏိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေမှာ တာဝန်ခံမှု တာဝန်ယူမှုများ ရှိလာမှာ ဖြစ်ပါတယ်။” ပထမအကြိမ်လွှတ်တော်ရော အခု ဒုတိယအကြိမ်လွှတ်တော်ရော တက်ရောက်သူ ကျောက်ဖြူ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က အန်အယ်လ်ဒီလွှတ်တော်ဟာ အစိုးရကို အပြန်အလှန် ထိန်းကျောင်းမှုအပိုင်း အားနည်းတယ်လို့ သုံးသပ်ပါတယ်။ “ဥက္ကဋ္ဌကြီး ဦးရွှေမန်းတို့ လက်ထက်တုန်းက သမ္မတအစိုးရအဖွဲ့ကို အများကြီး ထိန်းကျောင်းမှု ရှိခဲ့တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေကို ထိန်းကျောင်း နိုင်အောင် ထိန်းကျောင်းတတ်အောင် သူလေ့ကျင့်ပေးခဲ့တာတွေ ရှိတယ်။ အခု အန်အယ်လ်ဒီ လွှတ်တော်ကျတော့ အစိုးရအဖွဲ့ရဲ့ ဦးဆောင်မှုနောက်မှာ မျောပါနေတဲ့သဘောပဲ တွေ့ရတယ်။” ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကစတင်ခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပေါင်း ၄၅ ခု ကျော် ရှိသွားပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024