ရုရှားတွင် ရေချိုးအမွှေးဆီကို အရက်အဖြစ် သောက်သုံးမိသည့်အတွက် လူ ၅၂ ဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
ရုရှားနိုင်ငံတောင်ပိုင်းက အစ်ခ်စ်ကုခ်မြို့ (Irkutsk) မှာ ရေချိုးအမွှေးဆီကို အရက်အဖြစ် သောက်သုံးကြလို့ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ လူ ၅၂ ဦး သေဆုံးခဲ့တယ်လို့ မြို့ခံ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ ဘယ်ရီအနံ့ ရေချိုးအမွှေးဆီကို အရက်လုပ် သောက်ခဲ့ကြတဲ့အတွက် သောက်သုံးသူ အများအပြား ဆေးရုံမှာ စိုးရိမ်နေရဆဲလို့လည်း ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတချို့ကို ထိန်းသိမ်းထားပြီး ဒီဆပ်ပြာဆီတွေကိုလည်း ဆိုင်တွေပေါ်ကနေ အာဏာပိုင်တွေ လိုက်သိမ်းဆည်းနေပါတယ်။ ဒီ ရေချိုးအမွှေးဆီက သောက်ရန်မဟုတ်ဘူးလို့ သတိပေး ရေးသားထားတာကို လူတွေက ဂရုမစိုက်ကြဘူးလို့ စစ်ဆေးရေးအရာရှိတွေက ပြောပါတယ်။ ဒီရေချိုးအမွှေးဆီမှာ မက်သနောပါဝင်ပြီး အရက်အဖြစ် သောက်သုံးသူတွေဟာ ဆင်းရဲချို့တဲ့သူ အသက် ၃၅ နှစ်နဲ့ ၅၀ ကြားအရွယ်တွေ ဖြစ်ကြတယ်လို့ ရုရှားမီဒီယာတွေက ဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် အစ်ခ်စ်ကုခ်မြို့မှာလည်း အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ ဒီရေချိုးအမွှေးဆီတွေကို တရားမဝင်ထုတ်လုပ်တဲ့ စက်ရုံတရုံကိုလည်း ရဲတပ်ဖွဲ့က စုံစမ်း တွေ့ရှိထားပြီး ပိုင်ရှင်ဖြစ်သူတွေကိုလည်း ဖမ်းဆီးထားပါတယ်။ အခုလို လူသုံးကုန်ပစ္စည်းတွေကို ဈေးပေါပေါ အရက်အဖြစ်နဲ့ နိုင်ငံတဝန်း သောက်သုံးမှုတွေ ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up