မက္ကဆီကို မီးရှူးမီးပန်းဈေးအတွင်း ပေါက်ကွဲမှုကြောင့် ၂၇ ဦးသေ၊ ဒါဇင်နှင့်ချီ ဒဏ်ရာရ (ရုပ်သံ)

မက္ကဆီကိုနိုင်ငံမှ ဈေးတခုအတွင်းမှာ ဒီဇင်ဘာ ၂၀ ရက်နေ့က ပေါက်ကွဲမှုတခု ဖြစ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ တာလ်တီပက်မြို့တော်မှာတည်ရှိတဲ့ ဆန်ပါဘလီတိုဈေးဟာ မီးရှူးမီးပန်းတွေ အဓိက ရောင်းဝယ်ဖောက်ကားရာ လူစည်ကားတဲ့ ဈေးတခုဖြစ်ပြီး ခုလိုပေါက်ကွဲမှုကြောင့် ကလေးငယ်တွေ အပါအဝင် လူပေါင်း ၇၀ လောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ ဒေသတွင်း သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေဟာ အခင်းဖြစ်တဲ့နေရာမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ မီးလောင်ကျွမ်းခံခဲ့ရတဲ့ ဒဏ်ရာတွေဖြစ်တယ်လို့ ဆိုပါတယ်။ ထိတ်လန့်စရာကောင်းတဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ မီးခိုးလုံးတွေနဲ့ မီးလျှံတွေဟာ နေရာအနှံ့ ပေါက်ကွဲလွင့်စင်ကာ ဈေးအတွင်းကလူတွေ အသက်ဘေးမှ လွတ်မြောက်ဖို့ အပြေးအလွှား ရှိနေခဲ့ကြတာကို တွေ့ရပါတယ်။ တာလ်တီပက်မြို့တော်ဝန်က အစောပိုင်း သတင်းစာရှင်းလင်းပွဲမှာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပေမယ့် အမျိုးသား အရေးပေါ်ကူညီကယ်ဆယ်ရေးဆိုင်ရာ အကြီးအကဲ လူးဝစ်စ်ဖဲလစ်ပီပူအဲန်တေးကတော့ သေဆုံးသူဦးရေဟာ ထပ်မံတိုးလာနိုင်ဖွယ်ရှိတယ်လို့ ပြောလိုက်တာပါ။ အဆိုပါဧရိယာတဝိုက်က လူနေအိမ်တွေ ပျက်စီးသွားခဲ့ပြီး လက်ရှိမှာလည်း အန္တရာယ်ရှိနေနိုင်သေးတာမို့ အနီးတဝိုက် ၃ မိုင်ပတ်လည်ကို လာရောက်ခြင်းမပြုကြဖို့ သတိပေးထားရတယ်လို့ သူက ပြောပါတယ်။ ဒီပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် ညနေ ၃ နာရီလောက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိနိုင်သေးပါဘူး။ ဒီဈေးအတွင်းမှာ ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၆ ခုနှစ်တွေမှာလည်း ပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ခဲ့ဖူးပြီး လူတွေရာနဲ့ချီ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up