အာရှ ယူ-၁၉ အမျိုးသမီးဘောလုံး ခြေစစ်ပွဲတွင် မြန်မာက ပါလက်စတိုင်းကို ၁၀ ဂိုးပြတ်ဖြင့်နိုင်

အာရှ ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲစဉ်တွေကို ဒီဇင်ဘာ ၂၀ ရက်က စတင်ယှဉ်ပြိုင်ကစားခဲ့ရာမှာ မြန်မာအမျိုးသမီး ယူ-၁၉ အသင်းက ပါလက်စတိုင်းအမျိုးသမီး ယူ-၁၉ အသင်းကို ၁၀ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ မြန်မာအမျိုးသမီး ယူ-၁၉ အသင်းဟာ ပွဲအစပိုင်းမှာ ဂိုးရဖို့ ရုန်းကန်ခဲ့ရပေမယ့် ပွဲချိန် ၂၅ မိနစ်မှာ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီးတဲ့နောက်မှာတော့ အနိုင်ဂိုးတွေ ဆက်တိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ မြန်မာအသင်းက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ဒုတိယပိုင်းမှာ ၆ ဂိုး ထပ်သွင်းခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၃၃၊ ၃၆၊ ၄၇၊ ၅၈ နဲ့ ၆၉ မိနစ်တွေမှာ ဂျူလိုင်ကျော်က ၅ ဂိုး၊ ပွဲချိန် ၂၅၊ ၈၆ နဲ့ ၉၀ မိနစ်တွေမှာ နုနုက ၃ ဂိုး၊ ပွဲချိန် ၃၉ မိနစ်မှာ ရွှေမိုးအေးနဲ့ ပွဲချိန် ၉၄ မိနစ်မှာ သဉ္ဇာချိုတို့က တဂိုးစီ သွင်းယူခဲ့ကြတာပါ။ ခြေစစ်ပွဲ ပထမပွဲစဉ်အဖြစ် ညနေ ၃ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ထိုင်းယူ-၁၉ နဲ့ ကာဂျစ္စတန်ယူ-၁၉ ပွဲမှာတော့ ထိုင်းအသင်းက ၇ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အုပ်စုအဖွင့်ပွဲစဉ်တွေ ကစားအပြီးမှာ မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ ရမှတ် ၃ မှတ်စီ တူနေပေမယ့် မြန်မာအသင်းက ဂိုးကွာခြားချက်အသာနဲ့ အုပ်စုပထမ၊ ထိုင်းက ဒုတိယ၊ ကာဂျစ္စတန်နဲ့ ပါလက်စတိုင်းအသင်းတို့က အမှတ်မရသေးဘဲ အုပ်စုတတိယနဲ့ စတုတ္ထနေရာတွေမှာ ရပ်တည်နေပါတယ်။ အုပ်စုပွဲစဉ်တွေ ကစားအပြီးမှာ အုပ်စုပထမအသင်းတသင်းပဲ ၂၀၁၇ ခုနှစ်မှာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ပွဲတွေကို ယှဉ်ပြိုင်ကစားခွင့်ရမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲ ဒုတိယမြောက်ပွဲစဉ်တွေကို လာမယ့် ဒီဇင်ဘာ ၂၂ ရက်မှာ ဆက်လက်ကျင်းပမှာဖြစ်ပြီး ညနေ ၃ နာရီမှာ ထိုင်းနဲ့ ပါလက်စတိုင်း၊ ညနေ ၆ နာရီမှာ မြန်မာနဲ့ ကာဂျစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

More News
Up