Live
Home
မြန်မာသတင်း
မှတ်ပုံတင်ပြီး အမ်ပီတီဖုန်းဆင်းမ်ကတ်များ ထပ်မံမှတ်ပုံတင်ရန်မလို
ပိုင်စိုး
·
December 21, 2016
မြန်မာ့ဆက်သွယ်ရေး အမ်ပီတီဖုန်းတွေကို မှတ်ပုံတင်ဖို့ လိုအပ်နေတယ်လို့ ဖုန်းထဲကို စာတိုတွေ ပေးပို့နေပေမယ့် မှတ်ပုံတင်ပြီးသားဆိုရင် မလိုအပ်ဘူးလို့ အမ်ပီတီရဲ့ ဒုတိယ စီးပွားရေးအရာချုပ် ဦးသိန်းဟုတ်က ပြောပါတယ်။ ဒီရက်ပိုင်းမှာပဲ အမ်ပီတီဆင်းမ်ကတ်တွေ သွားရောက်မှတ်ပုံတင်နေကြတဲ့ ကြားထဲက မှတ်ပုံတင်ဖို့ လိုအပ်နေတယ်လို့ စာတိုတွေ မိုဘိုင်းဖုန်းသုံးသူတွေထံ ထပ်မံဝင်ရောက်နေတာပါ။ "အခု မက်ဆေ့ဂ်ျကို စာပြင်ခိုင်းထားပါပြီ။ မှတ်ပုံမတင်ရသေးရင် ဆိုပြီး ထပ်ထည့်ခိုင်းထားပါတယ်" လို့ ဦးသိန်းဟုတ်က ဒီဗွီဘီကို ပြောပါတယ်။ ဖုန်းဆင်းမ်ကတ်တွေကို မှတ်ပုံတင်မထားဘူးဆိုရင် ၂၀၁၇ မတ်လကုန်မှာ ယာယီဖြတ်တောက်သွားမယ်လို့ အစိုးရက ကြေညာထားတာဖြစ်ပြီး လက်ရှိအချိန်ထိ အမ်ပီတီ သုံးစွဲသူပေါင်း ၂၁ သန်းလောက်ရှိတဲ့အထဲ  ၁၃ သန်းဝန်းကျင် မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။ မှတ်ပုံတင်ပြီးသား ဆင်းမ်ကတ်တွေ၊ အမည်ပေါက်စာချုပ်နဲ့ ဝယ်ယူထားပြီး ကိုယ်တိုင်သုံးနေတဲ့ ဆင်းမ်ကတ်တွေကတော့ ထပ်ပြီး မှတ်ပုံတင်စရာမလိုဘဲ သုံးစွဲသူ ပြောင်းနေရင်တော့ မှတ်ပုံပြန်တင်ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်ဖို့အတွက် မှတ်ပုံတင် ဒါမှမဟုတ် ယာဉ်မောင်းလိုင်စင် ဒါမှမဟုတ် ကျောင်းသားကတ် တခုခုလိုမှာဖြစ်ပြီး နိုင်ငံခြားသားတွေကတော့ ပတ်စ်ပို့ ဒါမှမဟုတ် အစိုးရက ထုတ်ပေးထားတဲ့ သက်သေခံကတ်ပြားတခုခု လိုအပ်ပါတယ်။ အမ်ပီတီဖုန်းတွေအနေနဲ့ မှတ်ပုံမတင်ရသေးဘူးဆိုရင် အမ်ပီတီအိတ်ချိန်းတွေ၊ ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်တွေနဲ့ စီဘီဘဏ်၊ ကေဘီဇက်ဘဏ်တွေမှာ မှတ်ပုံတင်လို့ရမှာပါ။ ဒါ့အပြင် အမ်ပီတီ ဝက်ဘ်ဆိုက် https://care.mpt.com.mm/၊ တယ်လီနောဝက်ဘ်ဆိုက် http://ecaf.telenor.com.mm နဲ့ အမ်အီးစီဖုန်းတွေကတော့ www.mectel.com.mm ဝက်ဘ်ဆိုက်ကနေပြီး ကိုယ်တိုင်မှတ်ပုံတင်လို့ရပါတယ်။ တယ်လီနောဆိုရင် *979*3*3# အူရီဒူးဆိုရင် *666# ကိုနှိပ်ပြီးလည်း စစ်ဆေးနိုင်သလို မှတ်ပုံမတင်ရသေးရင်တော့ အွန်လိုင်းက မှတ်ပုံတင်ဖို့ နည်းလမ်းတွေကို တပါတည်း ပြသပေးမှာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024