ဖေ့စ်ဘွတ်ခ်ပေါ် လိုက်ဖ်လွှင့်သည်ကို တားမြစ်သည့် ထောင်ဝန်ထမ်းအမျိုးသမီးကို အကျဉ်းသား ထိုးနှက် (ရုပ်သံ)

အမေရိကန်နိုင်ငံ အကျဉ်းထောင်တခုထဲမှာ ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှတဆင့် လိုက်ဖ်ထုတ်လွှင့်ခဲ့တဲ့ အကျဉ်းသားတဦးကို တားမြစ်ခဲ့တဲ့ တာဝန်ကျ ထောင်ဝန်ထမ်းအမျိုးသမီးဟာ ပြန်လည်ထိုးနှက် တိုက်ခိုက်ခံခဲ့ရပါတယ်။ အသက် ၄၁ နှစ်အရွယ် အကျဉ်းသား ဂျင်မီစမစ်သ်ဟာ အီလီနွိုက်စ်ပြည်နယ်၊ ကွတ်ခ်ခရိုင်အကျဉ်းထောင်မှာ လွန်ခဲ့တဲ့ ၇ နှစ်ကျော်ကာလလောက်ကတည်းက    လူသတ်မှု၊ ဓားပြမှု၊ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။ သူဟာ အကျဉ်းထောင် အချုပ်ခန်းတွင်းမှာ သူ့ရဲ့ လက်ပ်တော့ပ်ကွန်ပျူတာကို အသုံးပြုပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် လိုက်ဖ်ထုတ်လွှင့်ခဲ့တာပါ။ တာဝန်ကျ ဝန်ထမ်းအမျိုးသမီးဟာ သူ့ရဲ့လက်ပ်တော့ပ်ကို သိမ်းသွားဖို့ ကြိုးစားခဲ့ချိန်မှာ သူက ရုတ်တရက် လက်သီးနဲ့ထိုးပြီး တုံ့ပြန်တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က အကျဉ်းထောင်စခန်း ၉ အတွင်းမှာ ဖြစ်ပျက်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ တာဝန်ကျထောင်ဝန်ထမ်းအမျိုးသမီးဟာ စမစ်သ်နဲ့  ညှိနှိုင်းစကားပြောဆိုဖို့ ကြိုးစားပြီး လက်ပ်တော့ပ်ကို သိမ်းယူဖို့ လုပ်ခဲ့တာပါ။ အဲဒီအချိန်မှာ သူ့ရဲ့မျက်နှာကို ရုတ်တရက် လက်သီးနဲ့ထိုးခဲ့ပြီး ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့အတွက် တခြားဝန်ထမ်းအမျိုးသားတွေက ကူညီပြီး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တာပါ။ လက်ရှိမှာတော့ စမစ်သ်ရဲ့ လက်ပ်တော့ပ်ကွန်ပျူတာကို သိမ်းယူထားခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ပါတယ်။ သူ့ရဲ့ကွန်ပျူတာထဲမှာ “အကျဉ်းထောင်နံရံတွေကို ဆန့်ကျင်နောက်ကြောင်းပြန်” လို့ ခေါင်းစဉ်တပ်ထားတဲ့ ဗွီဒီယိုဖိုင်ကို တွေ့ခဲ့ရပြီး နောက်ဗွီဒီယိုဖိုင်တခုထဲမှာတော့ အချုပ်ခန်းတွင်းမှာ ခေါက်ဆွဲပြုတ်သောက်နေတာကို ရိုက်ထားခဲ့ကာ ဒါတွေကို အင်တာနက်ပေါ်မှတဆင့် မျှဝေခဲ့တာပါ။ သူ့ရဲ့ ကွန်ပျူတာထဲမှာ ထောင်အတွင်း ညစ်ညမ်းရိုင်းပြစွာ ရိုက်ယူထားခဲ့တဲ့ ဓာတ်ပုံတွေကိုလည်း တွေ့ရတယ်လို့ အကျဉ်းထောင်တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး လာမယ့် ဒီဇင်ဘာ ၂၁ ရက်နေ့ တရားရုံးမှာ ကြားနာမှု ဆက်လက်လုပ်ဆောင်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up