တနင်္သာရီမြို့နယ်တွင် မူးယစ်ဆေးဝါးပပျောက်ရေး ဘိန်းစာပင်များ ဖျက်ဆီး

1.1K
တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်း ဦးဆောင်ပြီး တနင်္သာရီမြို့နယ်က ဘိန်းစာပင်တွေကို ဒီဇင်ဘာလ ၁၈ ရက်နေ့က ဖျက်ဆီးခဲ့ကြတာပါ။
မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ရည်ရွယ်ပြီး ဘိန်းစာပင် ၁၀၀၀ ကျော်ကို ခုတ်ထွင်ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
“ဒီဘက်တိုင်းရင်းသားတွေက အရင်တုန်းကတော့ ဆေးဖြစ်ဝါးဖြစ် သုံးကြတာပေါ့နော်။ အခုတော့ ကယ်မီကယ်တွေနဲ့ရောပြီး လူတွေကို မူးယစ်ဆေးဝါးဆေးစွဲစေတာတွေ ဖြစ်လာတယ်။ အဲ့ကနေတဆင့် အဆင့်မြင့်ရင် စိတ်ကြွဆေးဝါးတွေ ဖြစ်လာတယ်။ အရင်တိုင်းရင်းသားတွေက ရိုးရိုးသားသားနဲ့သုံးပေမယ့် နောက်ပိုင်း အဆင့်မြင့်လာတော့ မူးယစ်ဆေးဝါးတွေ ဖြစ်လာတယ်။ နောက်ပိုင်းမှာ ဘိန်းစာပင်နဲ့ပတ်သက်လာရင် မူးယစ်ဆေးဝါး ပါဝင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ကလည်း သတ်မှတ်ထားတာတွေ ရှိတယ်” လို့ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောပါတယ်။
အဲဒီဘိန်းစာပင်တွေနဲ့ ဘိန်းစာရွက်တွေ ခုတ်ထွင်ရှင်းလင်းရာမှာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်တွေ၊ မြိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း၊ တနင်္သာရီမြို့နယ် ကေအန်ယူ ငြိမ်းချမ်းရေးအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးပါတီဝင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။
ကေအန်အက်ဖ်အက်ဖ် ကရင်အမျိုးသားရဲတပ်ဖွဲ့ မြို့နယ်ရဲမှူး စောစဲလဲက “အဖွဲ့အစည်းတွေရော NGO တွေကော ဒီမှာရှိတဲ့ အစိုးရတွေကော ပူးပေါင်းပြီး တိုက်ဖျက်တာက ကောင်းတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မျိုးဆက်သစ်လူငယ်တွေ အခက်အခဲကြုံရမှာကို မမြင်ချင် တော့ဘူး” လို့ ပြောပါတယ်။
ပင်စည်လုံးပတ် ၆ လက်မနဲ့ အမြင့် ၁၅ ပေလောက်ရှိတဲ့ ဘိန်းစာပင် ၂ ဧက၊ အပင်လတ် ၁၀၀၀ ကို ဖျက်ဆီးခဲ့ပါတယ်။
ခုတ်ထွင်ရှင်းလင်းခဲ့ပြီး ဘိန်းစာရွက်တွေအားလုံးရဲ့ အလေးချိန်ကီလို ၁၀၀၀၊ တန်ဖိုးကျပ်သန်းပေါင်း ၂၆ သန်းကျော် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဓာတ်ပုံ - Pa Loat