အစားအသောက်ကြိုက်သည့် ထိုင်းစုံတွဲ၏ မင်္ဂလာပွဲအကြို အလှဓာတ်ပုံများ ရေပန်းစား (ဓာတ်ပုံ)
















1.9K
တချို့လူတွေဟာ သူတို့ရဲ့အဖော်တွေကို ရွေးချယ်ကြတဲ့အခါ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် ဒိုးတူပေါင်ဖက် ထပ်တူညီတဲ့ ဝါသနာရှိသူတွေကို ရွေးချယ်ကြလေ့ ရှိပါတယ်။
ထိုင်းနိုင်ငံမှာ စုံတွဲတတွဲကတော့ သူတို့ရဲ့ ထပ်တူညီမှုကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ဒါကို လက်မထပ်ခင်မှာ ရိုက်ကူးခဲ့တဲ့ အလှဓာတ်ပုံတွေနဲ့ ပုံဖော်ခဲ့ကြပါတယ်။
အဲဒီအလှဓာတ်ပုံတွေဟာ ခုလတ်တလောမှာတော့ ထိုင်းအင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့တာပါ။
သူတို့စုံတွဲရဲ့ တူညီတဲ့ ဝါသနာကတော့ အစားအသောက်တွေကို ခုံမင်တာပါပဲ။
အလှဓာတ်ပုံတွေကို ဖန်တီးပုံဖော်ပေးခဲ့သူကတော့ နာမည်ကျော် ထိုင်းဓာတ်ပုံဆရာတဦးဖြစ်တဲ့ ဆနစ်ခ် နီတိခါထနွန် ဖြစ်ပါတယ်။
သူက “ကျနော်က သတို့သား မက်စ်ကို ဘယ်လိုမျိုးရိုက်ချင်သလဲမေးတော့ သူက ဒီအပေါ် အရေးတကြီးမရှိဘူးလို့ ပြောပါတယ်။ သူရော သူ့ကောင်မလေးရော စားသောက်ရတာတွေကို နှစ်သက်ကြတယ်တဲ့။ အဲဒီတော့ ကျနော်က သူတို့ကို အကျော်ကြားဆုံး စားသောက်ဆိုင်တွေကို စာရင်းပြုစုခိုင်းပြီး အားလုံး အတူတူသွားခဲ့လိုက်တာပါ” လို့ ပြောပါတယ်။
စားသောက်ဆိုင်တွေထဲမှာ၊ လမ်းတလျှောက် စားသောက်ဆိုင်တန်းတွေမှာ သူတို့ ၂ ဦးရဲ့ ပျော်ရွှင်ကြည်နူးစရာ စားသောက်နေကြပုံတွေဟာ တကယ့်ကို စိတ်လှုပ်ရှားစရာပါပဲ။
ဆနစ်ခ်က “သူတို့ ၂ ယောက်လုံး အစားအသောက်ကို တကယ်ကြိုက်ကြတာပါ။ တဆိုင်ဝင်တဆိုင်ထွက် စားသောက်ကြရင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ရိုက်ကူးခဲ့ကြတာ နောက်ဆုံး သူတို့ မစားနိုင်တော့မှပဲ ရှုတင်နားခဲ့ရတာ” လို့ ပြောပါတယ်။
ဒီပုံတွေကိုတော့ ဆနစ်ခ်ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/sanit.portfolio/ ပေါ်မှာ မျှဝေထားခဲ့တာပါ။
ဆနစ်ခ်ဟာ အခုနှစ်ဆန်းတုန်းကလည်း the groom’s gas station အမည်နဲ့ မင်္ဂလာပွဲအကြို ဓာတ်ပုံတွေ ရိုက်ကူးမှုနဲ့အတူ နာမည်ကြီးခဲ့ပါသေးတယ်။
ဓာတ်ပုံ - Courtesy of Sanit Nithikultanon