တကောင်း နီကယ်စက်ရုံ၏ ခွဲခြားဆက်ဆံမှုအပေါ် မြန်မာအလုပ်သမားများ ကန့်ကွက်ဆန္ဒပြ
DVB
·
December 18, 2016
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ထီးချိုင့်မြို့နယ် မောက်းကုန်း အုပ်စု အတွင်းမှာတည်ရှိတဲ့ တကောင်းနီကယ်စက်ရုံက မြန်မာ အလုပ်သမားတွေဟာ လုပ်ခလစာ ခွဲခြားသတ်မှတ်ခံရတာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ (၁၈) ရက်နေ့ မနက်ပိုင်း ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
တကောင်း နီကယ်စက်ရုံက မြန်မာအလုပ်သမားတွေဟာ လုပ်ခလစာ မညီမျှတာ၊ တရုတ်နိုင်ငံသားတွေနဲ့ ခွဲခြားဆက်ဆံ ခံရတာ၊ ဆေးဝါး စောင့်ရှောက်မှုမရှိတာအပြင် နိုင်ငံသား အလုပ်သမား အခွင့်အရေး ဆုံးရှုံးနေတာကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ ဦးဆောင်လှုပ်ရှားသူ အလုပ်သမား ခေါင်းဆောင် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
နီကယ်စက်ရုံအတွင်းမှာ နိုင်ငံခြားသား အောက်ခြေဝန်ထမ်း အလုပ်သမား တယောက်ဟာ လုပ်ခလစာ ၁၅ သိန်းမှ သိန်း ၂၀ ကျပ်အထိ ရရှိကြတာဖြစ်ပြီး မြန်မာအလုပ်သမား အများစုဟာ တလကို ၁ သိန်းကျော်တာ ရရှိကြတာဖြစ်တဲ့အတွက် လုပ်ခလစာ မညီမျှမှုတွေလည်း ရှိနေခဲ့ပါတယ်။
တကောင်းနီကယ်စက်ရုံ အတွင်းက CNICO - အလုပ်ဌာနနဲ့ (15- MCC) အလုပ်ဌာန နှစ်ခုအတွင်းမှာ မြန်မာအလုပ်သမား ၁၅၀၀ လောက်ရှိပြီး နိုင်ငံသား အလုပ်သမား အခွင့်အရေး ဆုံးရှုံးနေတာကြောင့် အလုပ်သမား ၅၀၀ လောက်က ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ- သီဟဆွေ (ကသာ)