Home
ဆောင်းပါး
ဘာသာရေး၊ အမှန်တရားနှင့် အာဏာ
DVB
·
December 17, 2016
ဘာသာရေး၏ ပဓာနရည်ရွယ်ချက်သည် လောက၏အမှန်တရားတို့ကို  သိမြင်စေရေး မဟုတ်ပါ။ ချဉ်းကပ်လာသူတို့အား ယုံကြည်ကိုးကွယ်လာစေရန်သာ ဖြစ်သည်။ ဘာသာရေးတို့ သည် ချဉ်းကပ်လာသူအား ယုံကြည်ကိုးကွယ်လာစေရန်အတွက် ၄င်းတို့ ဘာသာရေးက ဟောညွှန်ထားသော တရားဓမ္မတို့သည် ဘုန်းတော်အနန္တ၊ ဉာဏ် တော်အနန္တနှင့် ပြည့်စုံတော်မူသော ဘုရားသခင်က ဟောပြော ညွှန်ကြားခဲ့သည့် တရားဓမ္မတို့ဖြင့် တည်ဆောက်ထားသည့် ဘာသာရေး ဖြစ်ကြောင်း ပြောဆိုစည်းရုံးပါသည်။ ဤကိစ္စတွင် ကမ္ဘာပေါ်ရှိ ဘာသာအားလုံး အတူတူဖြစ်သည်။ ထိုကြောင့် ဘာသာရေးတခုတွင် သက်ဝင်ယုံကြည်သူမှန်သမျှသည် ယင်းဘာသာရေးက ဟောကြားသော တရားဓမ္မမှန်သမျှကို ငြင်းဆန်ခွင့် လုံးဝမရှိပါ။ ဆန့်ကျင်ခွင့် လုံးဝ မရှိပါ။ အမှန် တရားများဟုသာ လက်ခံရပါသည်။ ဘုန်းတော်အနန္တ၊ ဉာဏ်တော်အနန္တရှိသော ဘုရားသခင် ဖြစ်သောကြောင့်  ထိုဘုရားသခင်၏ တရားဟူသမျှ အမှန်ချည်းသာ ဖြစ်ရမည် မဟုတ်လား။ တချို့ ဘာသာရေးများတွင် မိမိတို့လူသားများ အပါအ၀င် လောကစကြာဝဠာကြီးတခုလုံးကို ဘုရားသခင်က ဖန်ဆင်းထားသည်ဟုပင် ဟောပြောကြသည်။ ယင်းဟောပြောချက်ကို ယုံကြည်သူပေါင်းမှာ ကမ္ဘာ့လူဦးရေ သန်းပေါင်း ခုနစ်ထောင်ကျော်၏ ထက်ဝက်မက  များပြားသည်။ ဘာသာရေးအသီးသီး၏ အလိုအရ သူတို့ကိုးကွယ်ရာ ဘုရားသခင်က မိန့်ကြားခဲ့သည်ဆိုသော ထိုထိုတရားဓမ္မတို့သည် အမှားအယွင်း လုံးဝကင်း၏။ ပြင်ဆင်ဖြည့်စွက်စရာ မလိုအပ်။ သာမန်လူ တို့၏ အသိဉာဏ်ပညာဖြင့် ဝေဖန်သုံးသပ်၍ မရနိုင်သောအရာများ ဖြစ်၏။ ဆန့်ကျင်ငြင်းဆန်ပါက  အနည်းဆုံး မိစ္ဆာဒိဋ္ဌိဟု စွပ်စွဲခြင်း ခံရပါမည်။ အဆုံးစွန်အားဖြင့် ဘာသာဝင်အဖြစ်မှ ထုတ်ပယ်ခြင်း ခံရမည်။ ဘာသာရေးက အာဏာရနေသောခေတ်များတွင် ဖမ်းဆီးနှိပ်စက်ခြင်း၊ အဆုံးစီရင်ခြင်း ခံရပါမည်။ ထိုကြောင့် အမှားအယွင်းက မည်မျှထင်ရှားသည်ဖြစ်စေ အမှားအယွင်းအဖြစ် ထောက်ပြဝေဖန်ခြင်းကိုလည်း လက်သင့်မခံသလို မှားယွင်းကြောင်းလည်း ဘယ်အခါမှ ၀န်ခံခြင်း မရှိသည့်အတွက် ဘာသာရေးအယူဝါဒတို့ကို တရားသေ၀ါဒများ (Dogma) ဟု ပညာရှင်တို့ သတ်မှတ်ထားကြသည်။ နိုင်ငံရေးတွင် ဘာသာရေး၏ အခန်းကဏ္ဍ မူလက ဘာသာရေးသည် ယုံကြည်ကိုးကွယ်သူတို့အား စိတ်ကျေနပ်နှစ်သိမ့်အောင် လုပ်ပေးသော အရာဖြစ်သည်။ ဘာသာရေးတို့ ပေါ်ပေါက်ခဲ့သည့် ခေတ်စနစ်များကို ပြန်ကြည့်လျှင် ယင်းအချက်ကို ထင်ရှားစွာတွေ့ရမည်။ အထူးသဖြင့် အာဏာရှင်ခေတ်များတွင် ဘာသာရေးတို့သည် အဆိုပါ လုပ်ငန်းကို ဖြည့်ဆည်းပေးခဲ့သည်။ အာဏာရှင်ခေတ်တွင် အုပ်ချုပ်ခံရသူတို့၏ ဘ၀သည် တိရစ္ဆာန်သာသာ ဘ၀သာ ရှိသည်။ အာဏာရှင်တို့ အလိုကျ လိုက်နာရသည့် ဘ၀တွင် မည်သည့် မျှော်လင့်ချက်မှ မရှိ။ ကိုယ့်ဘ၀ အတွက် ကိုယ့်ဖာသာ ဘာမှ ဖန်တီးနိုင်ခြင်းမရှိ။ ယင်းခေတ်ဆိုးများတွင် လူအဖြစ် ရှင်သန်ရခြင်း သည် ဖိနှိပ်မှု များလွန်းသော အနေအထားဖြစ်ရာ ဘာသာရေး၏ နှစ်သိမ့်မှုကို မရလျှင် ကိုယ့်ဖာသာ သတ်သေဖို့သာ ရှိသည်။ သို့မဟုတ် လူ့အသိုင်းအ၀န်းကို စွန့်ခွာပြီး တောရိုင်း တိရစ္ဆာန်များနှင့် အတူ သွားရောက်နေထိုင်ရန်သာ ရှိသည်။ ထိုအခြေအနေကို ဘာသာရေးက လက်ခံလာအောင် ဖျောင်းဖျပေးပါသည်။ သက်ဦးဆံပိုင်ဘုရင်များသည် စကြာဝဠာကို ဖန်ဆင်းတော်မူသော ဘုရားသခင်မှ ဆင်းသက်လာသူများ ဖြစ်ကြောင်း၊ သက်ဦးဆံပိုင်ဘုရင်အလိုကျ နေရသော ကျေးကျွန်ဘ၀သည် ဘုရားသခင်၏ အလိုတော်အရဖြစ်ကြောင်း၊ ရှင်ဘုရင်အုပ်ချုပ်မှုကို ရိုသေစွာနာခံခြင်းသည် ဘုရားသခင် အလိုဖြစ်ကြောင်း၊ သေသည့်အခါ ဘုရားသခင် ရှိရာသို့ရောက်ပြီး စည်းစိမ်ချမ်းသာကို ခံစားရမည် ဖြစ်ကြောင်း၊ စသည်ဖြင့် နှစ်သိမ့်ပေးသည်။ ဖန်ဆင်းရှင်ဘုရားသခင်ကို လက်မခံသော ဘာသာရေးများက ဖန်ဆင်းရှင်၏ နေရာတွင် မမွေးမီက လုပ်ခဲ့သော ကောင်းမှု မကောင်းမှုတို့ကို အစားထိုးကာ ယင်း မမွေးခင်ကကောင်းမှု မကောင်းမှုများအတိုင်း လက်ရှိဘ၀ကို ရရှိခြင်းဖြစ်ကြောင်း နှစ်သိမ့်ပေးသည်။ ဆိုလိုသည်မှာ အာဏာရှင် လက်အောက်က ဘ၀ကို အငြင်းအဆန်မရှိ လက်ခံလာအောင် ဘာသာရေးများက ဖျောင်းဖျပေး ခြင်း ဖြစ်သည်။ အာဏာရှင်ခေတ်များတွင် ဘာသာရေးကို ယုံကြည်ကိုးကွယ်ခြင်းအားဖြင့်  သူတပါးပြုသမျှ  ခေါင်းငုံ့ခံရသည့် ဘ၀ကို လက်ခံလာနိုင်ပြီး၊ သေပြီးနောက်တွင် ယခုဘ၀နှင့် လုံးဝခြားနားသော ချမ်းသာသုခဘုံဌာနများသို့ ရောက်ရမည်ဟူသော မျှော်လင့်ချက်ကို ရလာသည်။ ဘာသာရေး၏ နှစ်သိမ့်ပေးမှုကြောင့် ဆိုးရွားသော အာဏာရှင်တို့ကိုလည်း မိမိတို့ အရှင်သခင်အဖြစ် လက်ခံ လာနိုင်သကဲ့သို့ မိမိခံစားနေရသော ဘ၀ဆင်းရဲကိုလည်း ခံနိုင်ရည်ရှိလာသည်။ လူဆင်းရဲတို့၏ လွတ်မြောက်ရာလမ်းကို ပုံသေနည်းတခု ဖော်ထုတ်ခဲ့သော နိုင်ငံရေးဒဿနဆရာကြီး ကားလ် မာက်စ် ( Karl Marx  1818 -1883) က “ ဘာသာရေးသည် လူထု၏ဘိန်း ဖြစ်သည် (Religion is the opium of the people) ” ဟုပင် ပြောခဲ့ပါသည်။ စံနန်းတော်နှင့် ၀တ်ကျောင်းတော် ဘာသာရေးကို အာဏာရှင်စနစ်အတွက် အသုံးချခဲ့သည်မှာ သမိုင်းတွင် မှတ်တမ်းများ အထင်အရှား ရှိသည်။ အထူးသဖြင့် ပြည်သူလူထုကို ငြိမ်ဝပ်နေအောင်လုပ်ရာတွင် အသုံးချသကဲ့သို့ လှုပ်ရှား  တက်ကြွအာင် လုပ်ရာတွင်လည်း ဘာသာရေးကို အသုံးချခဲ့သည်။ ဘာသာရေးက သက်ဝင်ယုံကြည် သူတို့ကို လုံးဝထိန်းချုပ်ပြီး လိုသလို အသုံးချနိုင်ခဲ့သည်မှာ အထူးသက်သေပြဖို့ မလိုအောင် ထင်ရှားပါသည်။ သက်ဦးဆံပိုင်အာဏာရှင်စနစ်ကို သေသေ၀ပ်ဝပ် လက်ခံခဲ့သည့်အဖြစ်နှင့် ဘာသာရေးစစ်ပွဲများတွင် အသက်စွန့်ခဲ့သည့် အဖြစ်များသည် လုံလောက်သော သက်သေများ ဖြစ်သည်။ ယနေ့အချိန်တွင် အသေခံဗုံးခွဲနိုင်သည်အထိ လွန်ကျူးလာသည်။ နိုင်ငံတည်ဆောက်ပုံအမျိုးမျိုး ပေါ်ပေါက်လာသည်နှင့်အမျှ နိုင်ငံရေးတွင် ဘာသာရေးကို အသုံးချပုံများလည်း ပိုမို အနုစိတ်လာသည်။ နိုင်ငံရေးနှင့် ဘာသာရေးသည် အကျိုးတူ စီးပွားဖက် ဖြစ်လာသည်။  အာဏာက နိုင်ငံရေးနှင့် ဘာသာရေးကို တသားတည်း ရောစပ်ပစ်လိုက်သည်။ “တန်ခိုးတော်အနန္တရှိသော ဘုရားသခင်” နှင့် “လုံးဝဥဿုံမှန်ကန်သော ကျမ်းစာ” ဟူသည့် အရာ နှစ်ခုဖြင့် ဘာသာရေးက လူတို့အား “ အယုံသွင်း” သည့်နည်းမှာ ယခုထက်တိုင် မရိုးနိုင်သေးသော ဂန္ထ၀င်နည်းလမ်း ဖြစ်သည်။ မွေးကတည်းက ဘာသာရေးတခုအတွင်း သွတ်သွင်းခံခဲ့ရသဖြင့် ယင်းဘာသာရေး၏ အမှားအမှန် အကောင်းအဆိုးကို သုံးသပ်နိုင်စွမ်းသည် လူတထောင်လျှင် တယောက်ပင် ရှိရန် ခက်သည်။ ဦးနှောက်ပညာ (Neuroscience) အရ လူမှန်းမသိသေးသည့် အရွယ်တွင် ဘာသာရေး အယူဝါဒတို့ဖြင့် “ဦးနှောက်ဆေးခြင်း (Brainwash)” ခံခဲ့ရသည်ကို ပြန်လည်သုတ်သင် ရှင်းလင်းရန် မလွယ်ကူလှပါ။ (လူ့အခွင့်သမားတချို့ကတော့ အရွယ်မရောက်သေးသော ကလေးငယ်များကို ဘာသာရေးဓလေ့ထဲ သွတ်သွင်းလေ့ကျင့်ပေးခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဟု ထောက်ပြနေပါပြီ)။ ယင်းကဲ့သို့ ဘာသာရေး၏ ဦးနှောက်ဆေးခြင်း ခံရသည့် သူများတွင် ဘာသာရေးသည် “ အစွဲ”တခု ဖြစ်လာသည်။ “ငါ့ဘာသာသာ အမှန်တရား၊ တခြားဘာသာတွေက အလကား” ၊ “ငါ့ဘာသာကိုသာ ကမ္ဘာ တခုလုံး ကိုးကွယ်လာရင် ကမ္ဘာကြီး ငြိမ်းချမ်းရေး ရသွားမယ်” ၊ “ငါ့ဘာသာ မထိနဲ့ မီးပွင့်သွားမယ်” “ငါ့ဘာသာဝင်ကလွဲရင် ကျန်တာ မိစ္ဆာ ဒိဋ္ဌိတွေချည်းပဲ” “ငါ့ဘာသာကို မယုံတဲ့သူတွေ သေရင် ငရဲပြည်သွားရမယ်”  စသည့် ဘာသာရေးမာန်တက်မှုများမှာ စိတ်အစွဲ (Addiction) ၏ လက္ခဏာရပ်များ ဖြစ်သည်ဟု ဦးနှောက်ပညာရပ်က ဆိုထားပါသည်။ မည်သို့ဆိုစေ လူတို့ကို ဘာသာရေးဖြင့် အလွယ်တကူဆွဲဆောင်သိမ်းသွင်းနိုင်ခြင်းကြောင့် ဘာသာရေးသည် နိုင်ငံရေးသမားတို့အတွက် မျက်စိကျစရာ ဖြစ်လာသည်။ ဘာသာရေးသည် နိုင်ငံရေးသမားအတွက် လူစုဆောင်းနည်းတခု ဖြစ်လာသည်။ နိုင်ငံရေးအာဏာသည် လူထု အင်အားကို အဓိက အားပြုရသည်ဖြစ်ရာ နောက်လိုက်များသော ဘာသာရေးတို့ဖြင့် အာဏာ တည်ဆောက်ခြင်းသည်လည်း တနွယ် ငင်တစင်ပါလာတော့သည်။ သို့ဖြင့် ဘာသာရေးနိုင်ငံများ တည်ထောင်သည့်အဆင့်အထိ ဘာသာရေးကို အသုံးချလာကြသည်။ နိုင်ငံရေးသမားနှင့် ဘာသာ ရေးသမားအကြား နိုင်ငံရေး အာဏာ ခွဲဝေ ရယူသည့် စနစ်သည် လက်တွေ့နိုင်ငံရေး (Real Politics) ၏ ဗျူဟာတခုအဖြစ် တည်ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ။ ရှေးဟောင်း အီဂျစ်၏ ဖာရိုဘုရင် ( Pharaoh) လက်ထက် မှ စ၍ ရေတွက်လျှင် နှစ်ပေါင်း ( ၅၀၀၀ ) ကျော်ပြီ။ အမှန်တရားနှင့် ပဋိပက္ခဖြစ်ခြင်း ဘာသာရေးသည် ကိုးကွယ်ယုံကြည်မှုအတွက်သာ ဖြစ်၍ အမှန်တရားရှာဖွေမှုနှင့်  မသက်ဆိုင်လှချေ။ ဘာသာရေးက လုံးဝပြီးပြည့်စုံသော အမှန်တရားတို့ဖြင့် တည်ဆောက်ထားသည်ဟု ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားလေရာ အမှန်တရားရှာဖွေသူတို့နှင့် ထိပ်တိုက်တိုးခြင်းမှာ  ဖြစ်မြဲ ဓမ္မတာဟုသာ ဆိုရပါလိမ့်မည်။ ဘာသာရေးတို့သည် “အသိပညာမထွန်းကားသော အာဏာရှင်ခေတ်” များတွင် ပေါ်ပေါက် လာသည်ဖြစ်ရာ အသိပညာနှင့်ပတ်သက်သော နယ်ပယ်ကိုလည်း လွှမ်းမိုးနေခဲ့ပါသည်။ ဘာသာ ရေး ကျမ်းများတွင် ဘုရားသခင်အကြောင်းသက်သက်မျှသာ ပါသည်မဟုတ်။ ဆောင်ရန်ရှောင်ရန် ကျင့်ဝတ်တာဝန်များသာ ပါဝင်သည်မဟုတ်။ ကမ္ဘာတည်ပုံအကြောင်းလည်း ပါသည်။ စကြာဝဠာ တည်ပုံအကြောင်းလည်း ပါသည်။ ဆေးပညာအကြောင်းလည်း ပါသည်။ ပထ၀ီအကြောင်းလည်း ပါသည်။ စီးပွားရေးအကြောင်းလည်း ပါသည်။ လူ၏မူလအစ အကြောင်းလည်း ပါသည်။ ဒဏ္ဍာရီ ပုံပြင်များလည်း ပါသည်။ ယနေ့ခေတ်တွင် သီးသန့်ရပ်တည်နေသော ပညာရပ်ဆိုင်ရာ အကြောင်းအရာများ အားလုံးပါဝင်နေသည်။ ပညာရေးမထွန်းကားသည့် ခေတ်ကာလများတွင် ရေးသားထားသော ယင်းကျမ်းစာများတွင် မှား ယွင်းချွတ်ချော်သော အချက်အလက်များ များစွာပါဝင်နေမည်မှာ သေချာလှပါသည်။ ယနေ့ခေတ် ၏ ရှာဖွေတွေ့ရှိချက်များနှင့် နှိုင်းယှဉ်လျှင် ကလေးအတွေးသာသာမျှ ရှိနေသော အချက်အလက် များလည်း ပါဝင်နေလိမ့်မည်။ (အစာအိမ်နှင့် သားအိမ်ကို အတူတူလို ထင်မှတ်ပြီး ရေးသားချက်မျိုး၊ သဘာဝကပ်ဆိုးများနှင့် ဘုရင်တို့၏ ကံကြမ္မာကို ဆက်စပ်ရေးသားချက်မျိုး)။ သို့သော် ဘာသာရေး၏ အယူဝါဒမှန်သမျှသည် “ပြုပြင်ခွင့် မရှိသော တရားသေ၀ါဒ” များဖြစ်နေသဖြင့် ဘာသာရေးနှင့် အမှန်တရားတို့သည် သမိုင်းတလျောက်လုံး အကြီးအကျယ် ထိပ်တိုက်တိုး နေခဲ့ပါသည်။ အထူးသဖြင့် လွန်ခဲ့သော နှစ်ပေါင်းငါးရာဝန်းကျင်တွင် ဥရောပ၌ အသိပညာပြန်လည် နိုးထသည့်ခေတ် (Renaissance) ကြီးပေါ်ပေါက်လာသည့်အခါ ဘာသာရေး အာဏာပိုင်များနှင့် ပညာရှင်များ ထိပ်တိုက်တိုးခဲ့သည်။ ထင်ရှားသောဖြစ်ရပ်တခုမှာ ကက်သလစ် ခရစ်ယာန် ဂိုဏ်းနှင့် ဂယ်လီလယို ဂယ်လလီ ( Galileo Galilei) တို့၏ အမှုဖြစ်သည်။ ၁၆၃၃ ခုနှစ် ဇွန် ၂၂ ရက်နေ့တွင်  ရောမမြို့ရှိ ခရစ်ယာန်တရားရုံးထဲ၌ သိပ္ပံပညာရှင် ဂယ်လီလယိုကို အမှုစစ်ဆေးခဲ့သည်။ အသက် ၆၉  နှစ်အရွယ် ရှိသည့် ဂယ်လီလယိုသည်  ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေရသည်။  “မြေကမ္ဘာကို နေက လှည့်ပတ်နေခြင်း မဟုတ်ဘဲ မြေကမ္ဘာကသာ နေကို  လှည့်ပတ်နေခြင်း ဖြစ်သည်” ဟု ရေးသားပြောဆိုသည့်အတွက် ရုံးတင်စစ်ဆေးနေခြင်းဖြစ်သည်။ ဂယ်လီလယိုသည်  ထို “အယူမှား” ကို ရေးသားဖြန့်ဖြူးပြီး “ဘုရားသခင်” ကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ခပတ်တော်များကို ရေးသားထားသည့် “ကျမ်းစာမြတ်” ကိုလည်းကောင်း ဆန့်ကျင်နေပါသည်ဟု ခရစ်ယာန် ဘာသာရေး အာဏာပိုင်များက စွပ်စွဲပါသည်။ “ဘာသာရေးက ရာဇာပလ္လင်ပေါ်တွင် နေရာယူလာသောအခါ  အမှန်တရားသည် နှုတ်ပိတ် နေရတော့သည်” ဟူသော စကားကို ထိုအမှုက သရုပ်ဖော်ခဲ့ပါသည်။ စင်စစ် ဂယ်လီလယို၏ ပြောဆိုရေးသားချက်သည် အမှားမဟုတ်ဘဲ အမှန်ဖြစ်သည်ကို ယနေ့ခေတ် မူလတန်း ကျောင်းသားများပင် သိနေပြီ။ သို့သော် ထိုခေတ်က “မဟာပညာရှိများ (Scholar)” အဖြစ်ခံယူ ထားသော ဘာသာရေးအာဏာပိုင်များ မသိခဲ့။ လွန်ခဲ့သော နှစ်ပေါင်း လေးရာကမူ “နေကို ကမ္ဘာက လှည့်ပတ်နေသည်” ဟူသော တွေ့ရှိ ချက်သည် ဘာသာရေးအာဏာပိုင်တို့ကို တုန်လှုပ်စေခဲ့သည့် တွေ့ရှိချက်ဖြစ်သည်။ ကျမ်းစာအရမှာ ဘုရားသခင်သည် ကမ္ဘာမြေကို အရင်ဖန်ဆင်းပြီးမှ ကမ္ဘာမြေ၏ အခြံအရံအဖြစ် နေကို ဖန်ဆင်းခြင်း ဖြစ်သည်။ ထိုကြောင့် “ကမ္ဘာကို နေက လှည့်ပတ်ခြင်း” သည်သာ အမှန်ဖြစ်သည်ဟု ကျောင်းတော်က သတ်မှတ်ထားသည်။ သို့ဖြစ်ရာ ကမ္ဘာက နေကိုလှည့်ပတ်သည်ဟူသော ဂယ်လီလယို၏ အယူသည် ကျောင်းတော်၏ ဂုဏ်အသရေကို အကြီးအကျယ်ထိပါးသော  အယူဖြစ်သည်။ လုံးဝ မှန်ကန်သည်ဟူသော ကျမ်းစာကို စိန်ခေါ်သည့် အယူဖြစ်နေသည်။ ဘာသာရေးစော်ကားသည့် ပြစ်မှုကြီးဟာ အာဏာပိုင်တို့က ပုဒ်မတပ်လိုက်သည်။ ယင်းပြစ်မှုကို ကျူးလွန်သည့်အတွက် သေဒဏ်ကျခံရမည်ဖြစ်ပြီး ပြစ်ဒဏ်မှ လွတ်ကင်းလိုသော် “အယူမှား” ကို တရားဝင် စွန့်လွှတ်ရမည်။ ထို့ပြင် အပြစ်မှလွတ်ရန် တောင်းပန်ရမည်ဟု ဘာသာရေးအာဏာပိုင်တို့က ဆုံးဖြတ်ပါသည်။ (စကြာဝဠာ အများအပြားရှိသည်ဟု ထုတ်ဖော်ပြောကြားခဲ့သည့် ပညာရှင် ဘရူနို (Giordano Bruno) ကို ၁၆၀၀ ခုနှစ်တွင် ဘာသာ ရေးအာဏာပိုင်တို့က မိစ္ဆာဒိဋ္ဌိ (Heretic) အဖြစ် ဆုံးဖြတ်ကာ ကားစင်တွင် မီးရှို့သတ်ခဲ့သည်) ။ သို့ဖြင့် အမှန်တရားကို ရှာဖွေထုတ်ဖော်ခဲ့သော သိပ္ပံပညာရှင်ကြီး ဂယ်လီလယိုသည် ဘာသာရေး အာဏာပိုင် များ၏ရှေ့မှောက်တွင် ဒူးထောက်တောင်းပန်ခဲ့ရတော့သည်။ သူ့အယူအဆသည် မှားယွင်းသော အယူ (Heresy) ဖြစ်ကြောင်း ၀န်ခံခဲ့ရသည်။ ထိုအယူမှားကို ရေးသားပြောဆိုမိသည့် အတွက် နောင်တကြီးစွာ ရရှိပါကြောင်း၊ ထိုအယူမှားကို လွတ်လွတ်စွန့်ပယ်ပါကြောင်း ၀န်ခံ ကတိပြုခဲ့ရသည်။ ဂရုဏာတရား နှင့် ပြည့်စုံတော်မူကြသော ဘာသာရေး အာဏာပိုင်တို့ကလည်း သေဒဏ်မှ ကင်းလွတ်ခွင့်ပေးပြီး နေအိမ်အကျယ်ချုပ်ကို တသက်လုံးကျခံစေဟု ဆုံးဖြတ်ကာ သက်ညှာလိုက်လေသည်။ ထိုခေတ်ကာလတွင် ဘာသာရေးဆိုလျှင် ဖိန့်ဖိန့်တုန်အောင် ကြောက်ရလေရာ ဂယ်လီလယိုဘက်က ခုခံချေပပေးမည့်သူ၊ အားပေးထောက်ခံမည့်သူ မရှိခဲ့ပေ။ ဂယ်လီလယိုကို ပြန်တောင်းပန်ရသည့် ပုပ်ရဟန်းမင်း ခေတ်ကာလများ ပြောင်းလဲသည်နှင့်အတူ နိုင်ငံရေးပုံစံများလည်း အသစ်အသစ် ပြောင်းလဲပေါ် ထွန်းလာသည်။ ဂယ်လီလယိုခေတ်က အာဏာရှင်စနစ်သည် သမိုင်းထဲတွင် ကျန်ရစ်ခဲ့သည်။ ဒီမိုကရေစီစနစ် ထွန်းကားလာပြီး ဘာသာရေးကို စံနန်းတော်ထဲမှ ၀တ်ကျောင်းတော်ဆီသို့ ပြန်ပို့ပေး လိုက်သည်။ ဘာသာရေးသည် နိုင်ငံရေးအာဏာကို တရားဝင် ရယူပိုင်ခွင့် မရှိတော့။ ယင်း ပြောင်းလဲမှုနှင့်အတူ လွတ်လပ်စွာယုံကြည်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်များ ပေါ်ပေါက်လာသည်။ တယူသန်ဘာသာရေးအယူအဆများသည် ယုံကြည်သက်ဝင်မှု နယ်ပယ်အတွင်းမှာသာ ရပ်တည်စရာရှိသည်။ အမှန်တရားကြီးစိုးရာ အသိပညာ နယ်ပယ်အတွင်းမှ တဖြည်းဖြည်း ဆုတ်ခွာနေရသည်။ အမှန်တရားနှင့် ပတ်သက်၍ ကြီးကြီးမားမား ပြုမိမှားခဲ့သည်ကို  ပြန်လည်တောင်းပန်ရသည့် အနေအထားအထိ ရောက်လာသည်။ [caption id="attachment_180137" align="aligncenter" width="770"]ဂယ်လီလယိုကို ရုံးတင်စစ်ဆေးစဉ်က ဂယ်လီလယိုကို ရုံးတင်စစ်ဆေးစဉ်က[/caption] ၁၉၉၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ကက်သလစ်သာသနာပိုင် ပုပ်ရဟန်းမင်း ဒုတိယမြောက် ဂျွန်ပေါ (Pope John Paul 2) က ပညာရှင်ကြီး ဂယ်လီလယိုအပေါ် ပြုမိမှားခဲ့သည်နှင့် ပတ်သက်၍ တရားဝင်တောင်းပန်စာကို ထုတ်ပြန်ခဲ့သည်။ ဂယ်လီလယို ကွယ်လွန်ပြီး နှစ်ပေါင်း (၃၅၀)  ကျော်မှ တောင်းပန်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပညာခေတ်အတွက် ဘာသာရေး ဂယ်လီလယိုနှင့် ကက်သလစ် ခရစ်ယာန်ကျောင်းတော်အကြား ဖြစ်ပွားခဲ့သည့် အမှုကို ကြည့်လျှင် ဘာသာရေးအာဏာပိုင်တို့က အမှန်တရားရှာဖွေဖော်ထုတ်သူအပေါ်  အာဏာစက်ဖြင့် ဖိနှိပ်ခဲ့သည့်အတွက် လူ့အဖွဲ့အစည်း၏ အကျိုးစီးပွားအတွက်၊ အသိပညာတိုးတက်ဖွံ့ဖြိုးရေးအတွက် အလွန်နစ်နာသည်မှာလည်း ထင်ရှားပါသည်။ ယနေ့အချိန်တွင် လူသားတို့ အလွယ်တကူရရှိခံစားနေသော အကျိုးစီးပွားတို့သည် အမှန် တရားကို အသက်စွန့်ပြီး  ရှာဖွေခဲ့ကြသော သိပ္ပံပညာရှင်၊ ဆေးပညာရှင်၊ ဒဿနပညာရှင်တို့၏ ကျေးဇူးကြောင့်သာ ဖြစ်သည်ကို လူတိုင်းဝန်ခံရပါမည်။ လူ့အဖွဲ့အစည်း၏ နယ်ပယ်အသီးသီးတွင် တိုးတက်ဖွံ့ဖြိုးမှု မှန်သမျှသည် အမှန်တရား ရှာဖွေ သူတို့၏ ကြိုးစားအားထုတ်မှုများသာ ဖြစ်သည်ကို လက်ခံမည်ဆိုလျှင် အမှန်တရားကို ဖိနှိပ်ခဲ့သော လုပ်ရပ်သည် ကြီးမားသော ရာဇ၀တ်ပြစ်မှုသာ ဖြစ်ရပေမည်။ ဒီမိုကရေစီစနစ်ကို အခိုင်အမာတည်ဆောက်ထားသော နိုင်ငံတို့တွင် ယင်းကဲ့သို့သော အသိ ပညာဆန့်ကျင်သည့် ရာဇ၀တ်မှုများ မကျူးလွန်အောင် ဥပဒေများပြဋ္ဌာန်းထားလေပြီ။ ဘာသာရေးက နိုင်ငံရေးအာဏာရယူခြင်းကို လုံးဝတားမြစ်ထားလေပြီ။ ဘာသာရေးကျမ်း စာများနှင့် မညီညွတ် သောကြောင့် မှားယွင်းသည်ဟု ထောက်ပြခြင်းမျိုးကို ခိုင်မာသော အထောက်အထား အဖြစ်မယူတော့ဘဲ၊ လူ့အသိုင်းအ၀ိုင်းကို နစ်နာစေသည့် အထောက်အထားဖြင့်သာ မှားယွင်းမှုကို သတ်မှတ်လေပြီ။ ဒီမိုကရေစီစနစ်သည် အသိပညာကိုသာ “လူ၏လွတ်လပ်မှု” ကို ဦးစားပေးသော စနစ်ဖြစ်သည့်အတွက် ဘာသာရေးကို လက်မခံသော ဘာသာမဲ့ (Atheist)  များအဖြစ် ရပ်တည်ခြင်းကိုလည်း အနှောက် အယှက်မပေးတော့ပြီ။ တချိန်က ဘာသာမဲ့များကို “မိစ္ဆာဒိဋ္ဌိများ” အဖြစ် ဘာသာရေးသမားတို့က အမနာပပြောဆိုမှုများ ပျောက်ကွယ်သွားလေပြီ။ ဘာသာမဲ့များကို ရာဇ၀တ်သား များသဖွယ် သတ်မှတ်ခြင်းမျိုးလည်း မရှိတော့ပြီ။ ဒီမိုကရေစီနိုင်ငံများ၌ ဘာသာရေးသမားများနှင့် ဘာသာမဲ့သမားများ အတူယှဉ်ထိုင်ကာ လူထုပရိသတ်အပေါင်း၏ ရှေ့မှောက်တွင် ဘာသာရေးအကြောင်းအရာများကို ငြိမ်းချမ်းစွာ ငြင်းခုန် ဆွေးနွေး အဖြေရှာနေကြပြီ။ ၂၀၁၀ ခုနှစ်က ဗြိတိသျှဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ(Tony Blair) နှင့် နာမည်ကျော် စာရေးဆရာ ခရစ္စတိုဖာဟစ်ချန်း (Christopher Hitchens)  တို့၏ အခြေ အတင်ဆွေးနွေးပွဲ (Debate) သည် ခေတ်သစ် ဘာသာရေးဆရာများအတွက် အတုယူစရာ ဖြစ်သည်။ “ဘာသာရေးကို လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးဆောင်သည့်အရာဟု သတ်မှတ်နိုင်မည်လား” ဟူသော ခေါင်းစဉ်အောက် တိုနီဘလဲက ဘာသာရေးဘက်မှ ရပ်တည်ပြီး ဆွေးနွေးပါသည်။ ဟစ်ချန်းက ဆန့်ကျင်ဘက်တွင် ရပ်တည်ပြီး ဆွေးနွေးပါသည်။ ထိုဆွေးနွေးပွဲတွင် ဘာသာမဲ့ဖြစ်သူ ခရစ္စတိုဖာဟစ်ချန်းက တိုနီဘလဲအား မေးခွန်းတခု ထုတ် ပါသည်။   “အခြားအရာများက မလုပ်နိုင်ဘဲ ဘာသာရေးကသာလျှင် လုပ်ဆောင်နိုင်ခဲ့သော လူ့လောကကောင်းကျိုးတခု ရှိလျှင် ထုတ်ပြပါ” တဲ့။  တိုနီဘလဲ မည်သို့ ဖြေသည်ကို သိလိုလျှင် ထိုဒီဘိတ်ကို အွန်လိုင်းပေါ်တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။ စင်စစ် ဒီမိုကရေစီစနစ်နှင့် အတူ ဖြစ်ထွန်းလာသော အသိပညာခေတ်တွင် ဘာသာရေးတို့ အနေနှင့် ဆက်လက်ရှင်သန်လိုပါက ခရစ္စတိုဖာဟစ်ချန်း၏ အဆိုပါ မေးခွန်းကို တိတိကျကျ ဖြေဆိုရပေလိမ့်မည်။ ဘာသာရေးကို ယုံကြည်ကိုးကွယ်ပါက သေပြီးနောင်ဘ၀တွင် ချမ်းသာသုခဘုံဌာနများသို့ ရောက်ရလိမ့်မည်ဟူသော အဖြေကို အသိပညာခေတ်က လက်သင့်ခံမည်မဟုတ်ပါ။ တခြားအရာများ (သိပ္ပံပညာ၊ ဒဿနပညာ၊ ဆေးပညာ၊ သမိုင်းပညာ၊ စီးပွားရေးပညာ၊ နိုင်ငံရေးပညာ) များက မစွမ်းဆောင်နိုင်ဘဲ မိမိတို့ ဘာသာရေးကသာ စွမ်းဆောင်နိုင်သည့် လူ့လောကကောင်းကျိုးကို တိတိကျကျ ပြောပြနိုင်ဖို့ လိုပါလိမ့်မည်။ ထွန်းသစ်လာသော ပညာခေတ်တွင် ဘာသာရေးတို့သည် အာဏာအားကိုးဖြင့် ရပ်တည်ရမည် မဟုတ်ဘဲ လက်တွေ့ ကျသော လောကကောင်းကျိုး ဆောင်မှုဖြင့်သာ ရှင်သန်နိုင်ပေလိမ့်မည်။      ။ မောင်သာမည
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024