Home
မြန်မာသတင်း
အစိုးရစီမံကိန်းများ တွက်ကြည့်တော့ စက်မရှိဖြစ်နေဟု ကိုယ်စားလှယ် ပြော
DVB
·
December 16, 2016
အစိုးရရဲ့ စီမံကိန်းလျာထားချက်တွေဟာ တွက်ရေးက စက်သူဌေးဖြစ်ပြီး တွက်ကြည့်တော့ စက်မရှိ ဆိုသလို ဖြစ်နေတယ်လို့ ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်က ဦးတင်ထွန်းနိုင်က ဝေဖန်ထောက်ပြလိုက်ပါတယ်။ ဒီနေ့ ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော်တွင်း အစိုးရရဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၊ ပထမ ၆လပတ် အစီရင်ခံစာအပေါ် ဆွေးနွေးရင်း သူက ပြောခဲ့တာ ဖြစ်ပါတယ်။ “လျာထားချက် ရည်မှန်းချက် ဆိုတာက အမှန်တကယ်ဖော်ဆောင်နိုင်မှုနဲ့ ထပ်တူ မကျနိုင်ဘူးဆိုတာ နားလည်ပါတယ်။ သို့သော် အနီးစပ်ဆုံး ဖြစ်ဖို့တော့ လိုပါလိမ့်မယ်။ အဲ့လို မဟုတ်ဘဲနဲ့ လျထားတာကတော့ ဟို တွက်ရေးတော့ စက်သူဌေးပေါ့ နာယကကြီးရယ်၊ တွက်ကြည့်တော့ စက်မရှိပေါ့၊ ဒါမျိုးပေါ့။ လျာထားတုန်းကတော့ တကယ်ကို ညွန့်လို့၊ ကွန့်လို့။ လျာထားပြီးတော့ တကယ်လက်တွေ့ အကောင်အထည်ဖော်ဆောင်နိုင်မှုက အားနည်းတယ်။” အစိုးရရဲ့ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ်အတွင်း လုပ်ဆောင်ခဲ့တဲ့ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းခဲ့ပြီး လွှတ်တော်က ဝေဖန် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အစိုးရရဲ့ ၆ လပတ်အစီရင်ခံစာမှာ စီမံကိန်းရည်မှန်းချက်၊ လျာထားချက်၊ အမှန်တကယ် ဖော်ဆောင်နိုင်မှုနဲ့ လျထားချက် ပြည့်မီ မပြည့်မီ စသဖြင့် အပိုင်း ၃ ပိုင်း ဖော်ပြပါရှိပါတယ်။ လျာထားချက်ပြည့်မီအောင် အကောင်အထည်ဖော် မလုပ်နိုင်တဲ့ အကြောင်းပြချက်တွေ ဖော်ပြခဲ့ရာမှာ မိုးရာသီဖြစ်လို့ ရေကြီးလို့ အယ်လ်နီညို အကျိုးသက်ရောက်မှုကြောင့် စသဖြင့် ဖော်ပြခဲ့တာကိုလည်း လွှတ်တော်ကိုယ်စားလှယ်က လက်မခံဘဲ ဝေဖန်ခဲ့ပါတယ်။ ဆိပ်ကြီးခနောင်တို ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ဒီဖြစ်ရပ်တွေဟာ ကြိုတင်မျှော်မှန်း တွက်ချက်လုပ်ဆောင်နိုင်တာကြောင့် လက်မခံတာလို့လည်း လွှတ်တော်ထဲ ဆွေးနွေးပါတယ်။ တခါ စွမ်းအင်ဌာနက လျာထားချက် မပြည့်မီရခြင်းကို ဖော်ပြရာမှာလည်း ရေနံတွင်းများ သက်တမ်းရင့်လာတာကို ထည့်သွင်းဖော်ပြခဲ့တဲ့အတွက် ကိုယ်စားလှယ်က ခုလို ထောက်ပြ ပြောပါတယ်။ “လျော့နည်းရခြင်းမှာ ရေနံတွင်းများသည် သက်တမ်းကြာမြင့်သော တွင်းဟောင်းများဖြစ်သဖြင့် အထွက်နှုန်း ကျဆင်းခြင်းလို့ ရေးထားပါတယ်။ ရေနံတွင်းတွေ တွင်းဟောင်းဖြစ်တယ် ဆိုတာကလည်း ဒီ ၆ လ အတောအတွင်းမှာမှ ဗြုန်းစားကြီး တွင်းဟောင်း ဖြစ်သွားတာ မဟုတ်ပါဘူး။ ဒီလို ကြိုတင်ခန့်မှန်းနိုင်တဲ့ ကိစ္စတွေကို အကြောင်းပြပြီးတော့ စွမ်းအင်ကဏ္ဍမှာ လျထားချက် မပြည့်မီရဘူးဆိုတဲ့ အကြောင်းပြချက်မျိုးကိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနများနဲ့ စီမံကိန်းရေးဆွဲရေး ဦးစီးဌာနတွေအနေနဲ့ ပြန်လည် သုံးသပ်သင့်တယ်။” အစိုးရရဲ့ ပထမ ၆ လပတ် လုပ်ဆောင်ချက်အတော်များများဟာ လျာထားချက်များ မပြည့်မီခဲ့တဲ့အတွက် ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးခဲ့ကြတာဖြစ်ပြီး စီမံကိန်းဌာန ဒုဝန်ကြီးကတော့ နောင် အစီရင်ခံစာများမှာ ထည့်သွင်းဖော်ပြနိုင်ဖို့ ကြိုးစားမယ်လို့ လွှတ်တော်ထဲ ပြောခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024