ထိုင်းကျေးရွာတရွာတွင်း တောဆင်ရိုင်းအုပ် ဝင်ရောက်ဖျက်ဆီး

ထိုင်းနိုင်ငံ၊ ချန်သဘူရီခရိုင်၊ ကန်ဟန်မဲ့ဒေသတွင်း ကျေးရွာတရွာထဲကို ဒီကနေ့မနက် အစောပိုင်းမှာ တောဆင်ရိုင်းအုပ်စုတစု ဝင်ရောက်ဖျက်ဆီးခဲ့လို့ လယ်သမားတွေရဲ့ အိမ်တွေနဲ့ ဆိုင်ကယ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။ ကျေးရွာတွင်းနေထိုင်သူ အမျိုးသမီးတဦးဖြစ်တဲ့ ဆွမ်ဆောင်နွန်ရိုင်က သူ့ရဲ့အိမ်အနီးမှာ မနက်ခင်းအစောကြီး ဆင်တွေရဲ့ အော်ဟစ်သံတွေနဲ့ ထိတ်လန့်တကြား နိုးလာခဲ့ရတယ်လို့ ကျေးရွာလူကြီးနဲ့ ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို ပြောပါတယ်။ ဒါပေမယ့် သူဟာ အပြင်မထွက်ရဲခဲ့ဘဲ ကြည့်နေခဲ့ချိန်မှာ ဆင်အုပ်စုကြီးဟာ အိမ်နီးချင်းတွေရဲ့ အိမ်တွေဆီ ထွက်သွားခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ အိမ်နီးချင်းတဦးဖြစ်တဲ့ အသက် ၇၀ အရွယ် ချာ့ဘ် ဆွတ်ဆဝပ်ကတော့ သူ့ရဲ့ကျောဘက်ကို ဆင်နင်းမိခဲ့လို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဝင်ရောက်ဖျက်ဆီးခဲ့တဲ့ တောဆင်ရိုင်းအုပ်စုမှာ ကောင်ရေ ၅၀ လောက်ပါဝင်မယ်လို့ ထိုင်းပီဘီအက်စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ လက်ရှိမှာတော့ ဒေသတွင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ အခင်းဖြစ်တဲ့နေရာကို ရောက်ရှိနေကြပြီး ပျက်စီးသွားတာတွေကို ပြန်လည်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကာ တောဆင်ရိုင်းတွေ နောက်ထပ်မလာနိုင်အောင် နည်းလမ်းရှာဖွေနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up