Home
မေးမြန်းခန်း
“တခြားနိုင်ငံကြီးတွေ နှာချေရင် ဒီမှာ ဖျားဖျားသွားကြတယ်” - ဒေါက်တာမောင်မောင်လေး
DVB
·
December 16, 2016
ဒေါ်လာဈေးစံချိန်တင်မြင့်တက်နေမှုအပေါ် ကုန်သည်စက်မှုအသင်းချုပ် ဒု-ဥက္ကဋ္ဌနှင့် မေးမြန်းချက် လက်ရှိ ပြည်တွင်း နိုင်ငံခြားငွေလဲဈေးကွက်မှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက ဒီနေ့ဆိုရင် ၁၄၀၀ လောက်ထိ စံချိန်တင် မြင့်တက်လာနေတာကို တွေ့ရပါတယ်။ အခုလို မြင့်တက်လာတဲ့ အနေအထားက မြန်မာပြည်စီးပွားရေးအတွက် စိုးရိမ်စရာ အနေအထားကို ရောက်နေပြီလားဆိုတာ ကုန်သည်စက်မှုအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးကို ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - အမေရိကန်ဒေါ်လာတန်ဖိုးဟာ အရင် ဦးသိန်းစိန်လက်ထက်နဲ့ ပြန်ကြည့်မယ်ဆိုရင် လက်ရှိ တက်နေတဲ့နှုန်းက တော်တော်လေးကို မြင့်တဲ့အနေအထားမှာ တွေ့ရပါတယ်။ အမေရိကန်ဒေါ်လာတန်ဖိုးတွေ ပြည်တွင်းမှာ ဒီလောက်ထိ မြင့်တက်လာတဲ့ အဓိက အကြောင်းအရင်းဟာ ဘယ်လိုအကြောင်းကြောင့်လဲဆိုတာ အရင်ဆုံးပြောပြပေးပါလား။ ဖြေ - ယေဘုယျအားဖြင့်တော့ တော်တော်များများက ပြောကြတာ ၀ယ်လိုအားနဲ့ ရောင်းလိုအားဆိုပြီးတော့ ဖြစ်လာကြတာပါ။ တော်တော်များများကတော့ အခြေခံတာက ဘာလဲဆိုတော့ ရလိုမှုနဲ့ ၀ယ်လိုမှုပေါ့။ Supply က နည်းနေတယ်၊ Demand က များနေတယ်။ ဒီနှစ်ခုကြောင့် အဓိက က နိုင်ငံတကာမှာလည်း ဒါကို ပြောလာကြပါတယ်။ အခု ဒီပြဿနာက Supply က အခုကနည်းနေတယ်။ နည်းနေတဲ့အကြောင်းအရင်းက မြန်မာနိုင်ငံမှာ ဘက်ပေါင်းစုံက နည်းတဲ့အပိုင်းတွေရှိတယ်။ Demand ကများတာလည်း ဘက်ပေါင်းစုံက များတာတွေရှိတယ်။ ကမ္ဘာနဲ့ခြုံကြည့်ရင် အမေရိကန်နိုင်ငံရဲ့ အပြောင်းအလဲတွေကြောင့်ဆိုပြီးတော့ အမေရိကန်ရဲ့ ဒေါ်လာတန်ဖိုးမြင့်တက်မှု၊ Bond ဈေးကွက်ကျမှု၊ ဒါလေးတွေနဲ့ အပြစ်ဖို့ပြီးတော့ လုပ်လာကြတာပေါ့နော်။ မြန်မာနိုင်ငံက တခြားနိုင်ငံကြီးတွေ နှာချေရင် ဒီမှာ ဖျားဖျားသွားကြတယ်။ ဖျားဖျားသွားကြတော့ မြန်မာနိုင်ငံမှာကျတော့ ပုံစံက ရောင်းလိုအားနဲ့ ဝယ်လိုအားအပြင် မြန်မာနိုင်ငံရဲ့ Volatility ပေါ့နော်။ အဓိက က အစစအရာရာ မပြီးပြည့်စုံ၊ အခြေခံမကောင်းတဲ့အတွက်ကြောင့် ဒါလေးတွေက ဖြစ်ကြရတာပါ။ ခုနမေးတဲ့ ဦးသိန်းစိန် လက်ထက်တို့၊ ဟိုးအရင်လက်ထက်တို့မှာ ပီပီပြင်ပြင် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ မရောက်တဲ့အချိန်မှာ လုပ်တာကိုင်တာက ပြတ်ပြတ်သားသားနဲ့ လုပ်လို့ရတဲ့ အပိုင်းလေးတွေ ရှိခဲ့ပါတယ်။ ပြတ်ပြတ်သားသား လုပ်ခဲ့တဲ့အပိုင်းဆိုတာက သက်ဆိုင်ရာက အကြောင်းအချက်တွေကို မသိတာမဟုတ်ဘူး။ အခုလည်းသိပါတယ်။ ဒီမိုကရေစီနည်းကျကျ လုပ်ရကိုင်ရတဲ့အတွက် လုပ်တာကိုင်တာ မရှိတဲ့အပိုင်းလေးတွေ ရှိပါတယ်။ ဟိုအချိန်တုန်းက တချက်ကိုင်ထည့်လိုက်ရင် ဒါမျိုးကစားတဲ့ဟာတွေကြောင့်လည်း ဖြစ်ပါတယ်။ သူတို့အချက်အချာကို ကိုင်ထည့်လိုက်တာနဲ့ ချက်ချင်း ထိုးကျသွားတာလေးတွေ သာဓကတွေ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိကဖြစ်နေတာက ဗဟိုဘဏ်ရဲ့ အားနည်းချက်တွေကြောင့် အခြေခံက အားနည်းတဲ့အတွက်ကြောင့် နည်းနည်းမှ အတိမ်းအစောင်းမခံနိုင်ဘူး။ နိုင်ငံတော်ရဲ့ ပြောင်းလဲနေတဲ့ အချို့မူဝါဒလေးတွေ၊ ဥပမာ သွင်းကုန်နဲ့ ပတ်သက်ပြီး မော်တော်ကားတို့ ဘာတို့နဲ့ ဒီမူဝါဒအပြောင်းအလဲတွေကြောင့် ဝယ်လိုအား အရမ်းတက်လာတဲ့အတွက် ရောင်းလိုအားက မတက်နိုင်လို့ ဒေါ်လာဈေး ထိုးတက်သွားတာပါ။ မေး - ဟုတ်ကဲ့ နောက်တချက်က ပြီးခဲ့တဲ့ တပတ်ဆယ်ရက်လောက်ကပေါ့နော်။ ဗဟိုဘဏ်ကနေပြီးတော့ ဒေါ်လာဈေးနဲ့ပတ်သက်ပြီး ကုန်သည်စက်မှုအသင်းချုပ်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ခဲ့ကြတယ်။ အဲဒီတွေ့ဆုံတဲ့အခါမှာ ဗဟိုဘဏ်ဘက်ကနေပြီးတော့ သူတို့အနေနဲ့ ဒါကို ဘယ်လိုမျိုးထိန်းချုပ်မယ်၊ ဘယ်လိုကိုင်တွယ်မယ်ဆိုတာမျိုးရော ပြောသွားတာရှိလား။ ဖြေ - ဗဟိုဘဏ်က ဟိုအချိန်ဟိုအခါ တွေ့တဲ့အခါမှာလည်း ပီပီပြင်ပြင်တော့ သူတို့မပြောသွားပါဘူး။ သူတို့ပြောဖို့ကလည်း ဘက်စုံလုပ်မှ ရမယ့်ဟာလေးတွေရှိပါတယ်။ သူတို့အနေနဲ့လည်း နဂိုက တောင့်တင်းမှု၊ ခိုင်မာမှု၊ အခုမှ လွတ်လွတ်လပ်လပ်ဖြစ်လာတာပါ။ သူတို့အနေနဲ့လည်း ကိုင်နိုင်လောက်တဲ့ အင်အားမရှိတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ဒါလေးတွေကြောင့် ထင်သလို ထိန်းကွပ်လို့မရတာလေးတွေ ရှိပါတယ်။ ဒါက ပုဂ္ဂလိကလုပ်ငန်းရှင်တွေရယ်၊ နိုင်ငံတော်ရယ်၊ ဗဟိုဘဏ်ရယ်၊ အာဏာပိုင်အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ တစိုက်မတ်မတ်လုပ်မှ ရမှာပါ။ အခုတော့ ဗဟိုဘဏ်က ဟိုနေ့က မပြောသွားပေမယ့် အခုမြန်မာနိုင်ငံမှာ အဓိက က တရားမဝင် ငွေကြေးစီးဆင်းလည်ပတ်မှုနဲ့ တရားမဝင်ကုန်သွယ်ရေးတွေက များနေတဲ့ ထရိတ်ဒင်းကို ပြောတာပါ။ ကုန်သွယ်ရေးတွေ များနေတဲ့အတွက် ဒါလေးတွေကို ပီပီပြင်ပြင် ကိုင်တွယ်ဖို့ကြိုးစားနေတာပါ။ ဒီဟာ လုပ်ရင်းလုပ်ရင်းနဲ့ ဒေါ်လာဈေးက အခုလို တက်သွားခြင်းဖြစ်ပါတယ်။ မေး - နောက်တချက်က လက်ရှိဖြစ်ပေါ်နေတဲ့ ဒေါ်လာဈေး၊ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားအရ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာတန်ဖိုးက ဆက်တက်မယ့် အလားအလာ မြင်နေရလား။ ဖြေ - ဒီလိုပုံစံ Free Flow လုပ်ထားပြီးရင်တော့ ကြပ်ကြပ်မတ်မတ် မလုပ်ရင် တက်နိုင်ခြေရှိပါတယ်။ ဒါပေမယ့်လို့ အတိုင်းအတာတခုအထိ ရောက်သွားရင်တော့ တန့်သွားပြီးတော့ ဟိုအချိန်ဟိုအခါမှာ ပြန်ကျလာနိုင်တဲ့ အလားအလာလည်း ရှိပါတယ်။ ဒါကို Speculative Market (ငွေကြေးကစားတဲ့ဈေးကွက်) က ပိုများတဲ့အတွက် တော်တော်များများ ပညာရှင်တွေက ပြောရဆိုရတာ၊ လုပ်ရကိုင်ရတာ ခက်ပါတယ်။ အရင်တုန်းကတော့ အာဏာစက်နဲ့ လုပ်သွားပြီးတော့ သက်ဆိုင်ရာ ကစားတဲ့ဟာတွေကို ကိုင်လိုက်တာနဲ့ ချက်ချင်းထိုးပြီးကျသွားတာတွေ ရှိပါတယ်။ ဒီဟာကလည်း တော်တော်များများက နိုင်ငံတော်ရဲ့ ပေါ်လစီနဲ့ ပတ်သက်ပြီး ငြိနေတယ်။ အိတ်စ်ပို့စ်ဟာလည်း အိတ်စ်ပို့စ်တာတွေ နည်းတာရယ်၊ အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ကုန်သွယ်မှုကျတာတွေ၊ ပီပီပြင်ပြင် မလုပ်ဆောင်နိုင်တာတွေနဲ့ တည်ငြိမ်မှုမရှိတာတွေကြောင့် အကုန်လုံး ပေါင်းစပ်ပြီးတော့ သူတို့ဖြစ်သွားတာပါ။ ဒီဒေသတွင်း နယ်စပ်ကုန်သွယ်ရေးတွေမှာ ငွေပေး ငွေယူ ငွေတွေ မဝင်လာတာရယ်၊ ငွေတွေက တဆင့်ခံ တခြားနိုင်ငံက ဝင်တဲ့ဟာလေးတွေက ဝင်သင့်သလောက် မဝင်တာရယ်၊ နဂိုက ထရိတ်ဒင်းကလည်း ဖြစ်သင့်သလောက်မဖြစ်တာရယ်၊ မြန်မာ့ပို့ကုန်တွေကိုလည်း တချို့အိမ်နီးချင်းနိုင်ငံတွေက ကန့်သတ်ထားတာတွေရှိပြီး တရားမဝင်လမ်းကြောင်းကနေ ပို့နေရတဲ့အတွက် အကုန်လုံးက ပီပီပြင်ပြင်မလုပ်ကိုင်နိုင်တာပါ။ မလုပ်ကိုင်နိုင်တဲ့အတွက် ငွေရေးကြေးရေး Hard Currency (ခိုင်မာတဲ့ငွေကြေး) စီးဆင်းမှုက မြန်မာနိုင်ငံထဲ ပြန်မဝင်လာတဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ အကုန်လုံးပေါင်းခြုံလိုက်တယ်။ အိန္ဒိယနိုင်ငံကလည်း ရူပီးငွေကို ငါးရာတန်၊ တထောင်တန်ကို တရားမဝင် ငွေကြေးအဖြစ်နဲ့ လုပ်လိုက်တဲ့အတွက် ဟိုဘက်က ငွေတွေကလည်း ပြန်မဝင်တဲ့အတွက် အကုန်လုံးပေါင်းစုံသွားတာပါ။ မေး - ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ပြောသွားတာ တခုရှိပါတယ်။ ဈေးကွက်ပေါက်ဈေးနဲ့ ရည်ညွှန်းသတ်မှတ်နှုန်းထား နည်းနည်းကွာခြားမှု ရှိနေတာနဲ့ ပတ်သက်ပြီး ပြောသွားတာရှိပါတယ်။ ကျနော်တို့ ဒီဘဏ်တွေကနေပြီးတော့ ဘဏ်စနစ်နဲ့ ဘဏ်အချင်းချင်း ရှင်းပေးတဲ့နေရာမှာ အားနည်းချက်မျိုးလေးတွေ ရှိနေတယ်ပေါ့။ အဲဒါကိုလည်း သူတို့ပြောင်းလဲဖို့ ရှိနေတယ်လို့ ပြောသွားတယ်ပေါ့နော်။ တကယ်လို့ ဒီစနစ်ပြောင်းတဲ့အပေါ်မှာရော နိုင်ငံခြားငွေကြေးနဲ့ ပတ်သက်လို့ မတည်မငြိမ်ဖြစ်နေတာတွေက တည်ငြိမ်လာမယ့် အလားအလာမျိုးရော ရှိလာနိုင်မလား။ ဖြေ - ဒီ ပို့ကုန်ကရတဲ့ဝင်ငွေတွေ အနေနဲ့ပေါ့နော် ၆၀ ရာခိုင်နှုန်းပဲ ပြန်ဝင်တဲ့အပိုင်းတွေရယ်၊ Interbank ဘဏ်အချင်းချင်းကိစ္စတွေဟာလည်း တချို့ကလည်း ဘဏ်တွေအပေါ်မှာ အပြစ်တင်တာတွေရှိပါတယ်။ ဒါပေမယ့်လို့ ကာယကံရှင်တွေကတော့ သိမှာပေါ့လေ။ ဒါပေမယ့်လို့ အတိုင်းအတာ တခုအထိနဲ့ ဒီလောက်ငွေအမြောက်အမြား ဒါကိုဖြစ်တာဟာ ဘဏ်သက်သက်ကြောင့်လည်း မဟုတ်ဘူးလို့ အန်ကယ်တို့တော့ မြင်တယ်။ အားလုံး Multifactorial Factors တွေ တော်တော်များလို့လို့ ထင်ပါတယ်။ ဆိုတော့ တဦးတယောက် ဘဏ်တခုသော်လည်းကောင်း၊ ဒီ Speculative Market ပေါ့ ငွေကစားတဲ့သူတွေကြောင့်သော်လည်းကောင်း၊ အကုန်လုံးပေါင်းစုံပြီး ဖြစ်သွားတယ်လို့ မြင်ပါတယ်။ တခုတည်းကပဲ သိပ်လုပ်လို့ ဒါမျိုးအပြောင်းအလဲကို မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ မေး - ဟုတ်ကဲ့ ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေကြေးနဲ့ ပတ်သက်ပြီး သူတို့ကိုင်တွယ်ရာမှာ လက်ရှိ ထိန်းချုပ်နှုန်းရှင်စနစ်နဲ့ သွားနေတယ်။ အဲဒီဟာကိုလည်း တချို့က ပြောကြတယ်။ ဒီစနစ်က အားနည်းချက်တွေရှိလို့ ဒီလိုဖြစ်တယ်ပေါ့။ ဒါကို ကျနော်တို့ တခြား ပုံသေငွေလဲနှုန်းနဲ့ သွားမယ်ဆိုရင် ဒီလိုအခက်အခဲတွေ ပြေလျော့သွားမယ်ဆိုပြီးတော့ ပညာရှင်တွေဘက်ကလည်း ပြောလာတာမျိုးတွေ ရှိတယ်လေ။ အဲဒီတော့ ဘယ်စနစ်မျိုးနဲ့ သွားမယ်ဆိုရင် ကျနော်တို့ လက်ရှိဖြစ်နေတဲ့ အကြပ်အတည်းတွေကို ဖြေလျော့သွားနိုင်မလဲ။ ဖြေ - လောလောဆယ်တော့ မြန်မာနိုင်ငံရဲ့ အခြေခံမတောင့်တင်းသေးတဲ့ အချိန်အခါမှာတော့ ဒီလို (Managed Float) ထိန်းချုပ်နှုန်းရှင်စနစ်နဲ့ပဲ သွားပြီးတော့ လုပ်ရမယ်လို့တော့ ထင်တာပဲပေါ့နော်။ အခုလိုဖြစ်ဖို့တောင်မှ တော်တော်များများ Risk ယူပြီး အရင်တုန်းကတည်းက မလုပ်ရဲတာပါ။ အခုလုပ်လာတာမှာ လေးငါးနှစ်လောက်ပဲ ရှိသေးတဲ့အတွက် ဒါ သူတို့ နဂိုကတည်းက မကိုင်ရဲတဲ့ဟာကို သူတို့ကိုင်လိုက်တာပါ။ ကိုင်လိုက်တဲ့အချိန်မှာတော့ အတက်အကျ ရိုက်ခတ်မှုလေးတွေကတော့ ရှိဦးမှာပဲ။ ဘာလို့လဲဆိုတော့ အစစအရာရာ အခြေမခိုင်ဘူး။ ကုန်ပစ္စည်းတော်တော်များများကလည်း ပြည်ပကနေ တင်သွင်းနေရတာ။ ဒီအခြေခံ အဆောက်အအုံတွေအတွက် ပြည်ပက တင်သွင်းနေရတဲ့အတွက် ဒါလေးတွေက ငွေကြေးလိုအပ်ချက်တွေ အများကြီးရှိတယ်။ နောက်တော့မှ ကားစလစ်ကိစ္စတို့၊ ဘာတို့ညာတို့ ဖြစ်လာတော့မှ ပိုပြီးတော့ လိုအပ်ချက်များလာတဲ့အတွက် ဒါမငြိမ်မသက်ဖြစ်လာတာပါ။ မေး - ဗဟိုဘဏ်ကို လုပ်ငန်းရှင်တွေဘက်က ထောက်ပြတဲ့ဟာမျိုးတွေ ကျနော်တို့ကြားနေရတယ်။ အဲဒါကတော့ ဒေါ်လာဈေးတွေ ဒီလိုဖြစ်နေတဲ့နေရာမှာ ဗဟိုဘဏ်အနေနဲ့ ရှေ့ထွက်လာပြီးတော့ ဆုံးဖြတ်ချက်တခုခု ချပြီးတော့ပေါ့နော် လုပ်လိုက်မယ်ဆိုရင် ဒီလိုဒေါ်လာဈေးတွေ အတက်ကြမ်းတဲ့ဘက်ကို မဖြစ်ဘဲနဲ့ ထိန်းနိုင်မယ့်အနေအထားမျိုးပေါ့နော်။ ဗဟိုဘဏ်အနေနဲ့ အဲလိုမျိုးတာဝန်ယူမှု၊ တာဝန်ခံမှုလုပ်မယ်ဆိုရင် ဒါဖြစ်နိုင်မယ်ဆိုပြီး ပြောတာမျိုးရှိတဲ့အတွက် အဲဒီအပေါ်လည်း နည်းနည်းလောက်လေး ပြောပြပေးပါလား။ ဖြေ - ဗဟိုဘဏ်ကလည်း ဒါမျိုးဝင်ထိန်းဖို့ဟာက သူ့မှာလည်း အလုံအလောက်ဒေါ်လာ ရှိခဲ့ရင်တော့ သူလုပ်လို့ရတာပေါ့နော်။ သူ့အနေနဲ့ကလည်း လုံလုံလောက်လောက် ဒေါ်လာပမာဏ အမြာက်အမြား မရှိတဲ့အတွက် သူက တခြား ငွေကြေးလုပ်ငန်းလည်ပတ်မှု ယန္တရားတွေကို သူလိုက်ပြီးတော့ ထိန်းနိုင်တာပါ။ ဒီနိုင်ငံခြားငွေထားတဲ့ဟာကိစ္စတွေ၊ တရားမဝင်ငွေကြေးထားတဲ့ ကိစ္စတွေ၊ ဒီနယ်စပ်မှာရှိတဲ့ ဘဏ်လုပ်ငန်းတွေကိစ္စ၊ တရားမဝင်ထားတဲ့ ကိစ္စတွေကို ပြန်ပြီးတော့ ထိန်းညှိတဲ့ သဘောမျိုးပဲ သူစလုပ်တာ ရှိပါတယ်။ သူ့အနေနဲ့ တောင့်တောင့်တင်းတင်း ခိုင်ခိုင်မာမာနဲ့ သူရှိခဲ့ရင်တော့ သူပိုင်ပိုင်နိုင်နိုင်လုပ်လို့ရမှာပေါ့။ သူက မခိုင်မာတဲ့အတွက် အခုလို မပိုင်မနိုင်ဖြစ်ရတာပါ။ မေး - ကျနော်တို့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံခြားဘဏ်တွေမှာ သူတို့ ဘဏ်အကောင့်တွေနဲ့ ဒေါ်လာ တော်တော်များများရှိတာ ကျနော်တို့ ကြားနေရတယ်။ အဲဒီငွေတွေပေါ့နော် ကျနော်တို့ ပြည်တွင်းထဲကို ဝင်လာအောင်ဆိုရင် ကျနော်တို့ဘဏ်အကောင့်တွေ ကျနော်တို့ ဒီဘက်ကိုလွှဲပေးဖို့ ဗဟိုဘဏ်ဘက်ကနေပြီးတော့ ခွင့်ပြုမယ်၊ မပြုမယ်ဆိုတာ ဒါမျိုးဝင်လာနိုင်မယ့် အလားအလာ အသံမျိုးတွေကြားနေတယ်။ ဖြေ - ဒါ အိန္ဒိယနဲ့ အင်ဒိုနီးရှားလုပ်သလို အန်ကယ်လည်း ပြောဖူးပါတယ်။ ဒါ Tax Amnesty  (အခွန်လွတ်ငြိမ်းခွင့်) လို့ ခေါ်ပါတယ်။ ၃၀ ရာခိုင်နှုန်း အခွန်ပေးပြီးတော့ ငွေမည်းကို ငွေဖြူလုပ်ပြီးတော့ ပြည်တွင်းကိုဝင်ဖို့ ပြည်တွင်းလုပ်ငန်းရှင်တွေ SME တွေက ၉၉ ရာခိုင်နှုန်းလောက် မြန်မာပြည်မှာ ရှိပါတယ်။ စင်ကာပူတောင်မှ ၉၉ ရာခိုင်နှုန်းက SME တွေပါ။ ဆိုတော့ ငွေကြေးအဓိက Capital (ငွေလုံးငွေရင်း) လိုပါတယ်။ အပြင်မှာရောက်နေတဲ့ Capital တွေကို တရားဝင် ငွေဖြူအဖြစ်နဲ့ အိန္ဒိယနိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံက ဒါတွေလုပ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ သူတို့လုပ်ခဲ့ရင်တော့ မြန်မာပြည်ကို ငွေကြေးအမြောက်အမြား ဝင်လာနိုင်မယ်လို့ ထင်ရတာပေါ့နော်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024