Home
သုံးသပျခကျြ
တိုက်ပွဲကြောင့် အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် ဘာတွေဖြစ်လာနိုင်လဲ - အယ်ဒီတာစကားဝိုင်း
DVB
·
December 15, 2016
ဒီတပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်တက်လာတာ ၉ လကျော်လာပါပြီ။ အထူးသဖြင့်တော့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို အထူးအလေးထားပြီးတော့ ဖော်ဆောင်နေတဲ့ ဒီအစိုးရလက်ထက်မှာ အခု မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ ဖြစ်နေတဲ့ နောက်ဆုံးတိုက်ပွဲအခြေအနေ၊ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရှမ်းပြည်လွှတ်တော်ကနေ သူတို့ကို Terrorist အကြမ်းဖက်သမားတွေလို့ နာမည်တပ်ခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာလည်း အဲဒီလိုခေါ်ဆိုဖို့ တပ်မတော်က ကြိုးစားမှုတွေ ရှိနေပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျနော်တို့ လက်ရှိ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ်မှာ ဘာတွေဖြစ်လာနိုင်လဲ ဆိုတာ ဆွေးနွေးမှာပါ။ ဒီတပတ်ဆွေးနွေးမယ့် သူတွေကတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဝင်းမင်းနဲ့ နိုင်ငံရေးဆောင်းပါးရှင် ဦးအေးမောင်ကျော်တို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) "အဲဒါနဲ့ပတ်သက်လို့ ကိုဝင်းမင်းကို ပထမဆုံး မေးပါမယ်။ ကိုဝင်းမင်းရေ လက်ရှိဖြစ်နေတဲ့ အခြေအနေ၊ အထူးသဖြင့် မြန်မာပြည်မြောက်ပိုင်း ကေအိုင်အို အပါအဝင် တအာင်း ပလောင်၊ နောက် အေအေ ရခိုင်ပေါ့နော်။ နောက်ပြီးတော့ ကိုးကန့်။ အဲဒီလို ပေါင်းပြီးဖွဲ့ထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဆိုပြီး တိုက်ပွဲတွေ ဖြစ်နေတယ်ပေါ့။ အဲဒီအပေါ်မှာ လက်ရှိအခြေအနေမှာ ငြိမ်းချမ်းရေးအခြေအနေ ဘယ်နေရာရောက်နေလဲ။ တကယ်ရော ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေးလမ်းကြောင်း ဘယ်လောက် ပြန်တည့်နိုင်မလဲ ဆွေးနွေးပေးပါဦး။" ဦးဝင်းမင်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) "ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြည့်မယ်ဆိုရင် အခု အစိုးရသစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်းမှာဆိုရင် ကျနော့်အမြင်ကတော့ အဆိုးဆုံးအခြေအနေ ရောက်သွားတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ အရင် ဦးသိန်းစိန်အစိုးရလက်ထက်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် အထူးသဖြင့်တော့ ၂၀၁၄ မှာ ကချင်နဲ့ တိုက်ပွဲတွေဖြစ်ခဲ့တာ ပြန်သတိရမယ် ထင်ပါတယ်။ အဲဒီတုန်းက သင်တန်းကျောင်းအပေါ်ကို ဗုံးကြဲခဲ့တဲ့အချိန်။ ကျနော့်အမြင်ကတော့ အဲဒီအချိန်နဲ့ အခုအချိန်က ၂ နှစ်ကြာလာပြီပေါ့နော်။ နှိုင်းယှဉ်မယ်ဆိုရင် လက်ရှိအခြေအနေက ပိုဆိုးတယ်လို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်စနိုင်ဖို့ဆိုရင် တစုံတရာ ဆွေးနွေးမှုတွေ အများကြီး ပြန်လုပ်ရမှာကိုး။ တိုက်ပွဲတွေက ဖြစ်ရတာလွယ်တယ်။ ဒီဟာတွေကို ပြန်ပြီးညှိနှိုင်းဖို့ဆိုတာ ယုံကြည်မှုက တော်တော်လေးကျသွားတာ ဖြစ်တယ်။ ဒါပေမယ့်လည်း ကျနော့်အမြင်ကတော့ ၂၀၁၄ တုန်းက တရားမဝင်ဆွေးနွေးပွဲတွေ အများကြီး၊ အလွတ်သဘော ဆွေးနွေးပွဲတွေ အများကြီး လုပ်ခဲ့ရတယ်။ ကျနော်ထင်တယ်၊ ၄ လ၊ ၅ လလောက် ကြာမယ်ထင်တယ်။ ပြီးမှ တရားဝင်ဆွေးနွေးပွဲတွေ ရောက်ရတာကိုး။ အခုဟာက ကျနော်တို့ ကံကောင်းတာက မကြာခင် ပင်လုံလုပ်ဖို့ရှိတယ်။ လက်ရှိအစိုးရကလည်း ပြည်သူက ထောက်ခံတဲ့အစိုးရ ဖြစ်တယ်။ ဒီအခြေအနေကို အမြန်ဆုံး ပြန်တည့်နိုင်ဖို့ပေါ့နော်။ ငြိမ်းချမ်းရေးရဲ့ သဘာဝကတော့ တက်လိုက်၊ ကျလိုက်၊ တိုက်ပွဲဖြစ်လိုက်၊ ဆွေးနွေးလိုက် လုပ်ရတာကိုး။ အဲဒီတော့ ဒီအခြေအနေကို ဘယ်လို ပြန်တည့်အောင် ကျနော်တို့ ဝိုင်းကြိုးစားကြမလဲ။ အဲဒါက လက်ရှိအစိုးရအပေါ်မှာရော၊ တပ်မတော်အပေါ်မှာရော၊ တိုင်းရင်းသားတွေအပေါ်မှာရော အားလုံးမှာ တာဝန်ရှိပါတယ်။ ကိုယ့်ရပ်တည်ချက်တွေအပေါ်မှာပဲ အသေရပ်မနေဘဲနဲ့ တိုင်းပြည်အတွက် အဖြေကို ဘယ်လိုရှာမလဲဆိုပြီးတော့ တိုးသာ ဆုတ်သာရှိတဲ့ ညှိနှိုင်းမှုတွေ၊ အပေးအယူလုပ်မှုတွေ လုပ်ဖို့အတွက် အမြန်ပြင်ဆင်ကြရင်တော့ အကောင်းဆုံးပဲ၊ နှစ်သစ်အတွက်လည်း ကောင်းမယ်လို့ ကျနော် ယူဆပါတယ်။" ဦးတိုးဇော်လတ်(ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျ။ ဆရာဝင်းမင်းကတော့ အခုလို လက်ရှိအခြေအနေကတော့ အဆိုးဆုံး အခြေအနေကို ရောက်နေတယ်လို့ သုံးသပ်သွားပါတယ်။ အဲဒီလိုပဲ ဆရာအေးမောင်ကျော်လည်း ကျနော် မေးချင်တာက ဒီမေးခွန်းပါပဲ။ ကျနော်တို့ အခု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ၆ လတခါ ခေါ်ရမယ်။ ဖေဖော်ဝါရီမှာ နောက်တခေါက် ခေါ်ဖို့ရှိတယ်။ အများစုက ဖေဖော်ဝါရီ ၁၂၊ ပြည်ထောင်စုနေ့လောက်လို့ မှန်းထားတယ်။ အဲဒီလိုပဲ အရင်ပါခဲ့တဲ့ ကေအိုင်အေတောင်မှ လောလောဆယ် ပြန်ပါဖို့ မသေချာတော့ဘူးပေါ့နော်။ အဲဒီလိုပဲ နဂိုတုန်းကရှိတဲ့ အန်စီအေလို့ ခေါ်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးတဲ့စာချုပ် လက်မှတ်မထိုးနိုင်တော့ဘူး။ အဲဒီလိုပဲ အားလုံးပါဝင်ရေးဆိုတဲ့ မူတွေ လက်ရှိအခြေအနေ၊ မြောက်ပိုင်းတိုက်ပွဲတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘာတွေ သက်ရောက်မှုရှိလဲ၊ ဆရာ့အနေနဲ့ ဖြည့်စွက်ဆွေးနွေးပေးပါဦးခင်ဗျ။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) "ခုနက ကိုဝင်းမင်း ပြောသလိုပေါ့။ အခြေအနေကတော့ နည်းနည်းဆိုးသွားတာပေါ့။ ဒါကလည်း မမျှော်လင့်တဲ့ကိစ္စလို့ ထင်ပါတယ်။ အဲဒီတော့ ဖြစ်စဉ်တွေကတော့ ရှိတာပေါ့နော်။ ဒီဖြစ်စဉ်တွေကတော့ မှားတယ်၊ မှန်တယ်၊ အကြောင်းရင်း ရှာမယ်ဆိုရင်တော့ အများကြီး ရှိတာပေါ့နော်။ အဲဒါတွေက ဘက်တဘက်ကို ကျနော်တို့က ကိုယ့်အမြင်နဲ့ပဲ လိုက်ပြောမလား၊ သို့မဟုတ် ဟိုဘက်ကအမြင်ကို ပြောမလား။ ဒီအမြင်တွေကလည်း အမျိုးမျိုးရှိနိုင်တယ်လေ။ ကျနော် မြင်တာကတော့ ဒီဖြစ်စဉ်တွေအားလုံးနဲ့ ပတ်သက်ရင်တော့ အားလုံးမှာ တာဝန်ရှိတယ်လို့ ထင်တယ်။ ဒါပေမယ့် တခုရှိတာကတော့ တိုက်ပွဲတွေကတော့ လူမရှိတဲ့နေရာ တောတွေ တောင်တွေထဲမှာဖြစ်တာ မဟုတ်ဘူးဗျ။ အခုဟာက မူဆယ်တို့၊ ၁၀၅ မိုင်တို့ စသဖြင့် ဒီလိုနေရာတွေမှာ ဖြစ်တယ်။ အဲဒီတော့ လမ်းပန်းဆက်သွယ်ရေးတွေ ထိခိုက်တယ်။ ကုန်သွယ်ရေးတွေ ထိခိုက်တယ်။ မဆိုင်တဲ့ ပြည်သူတွေ သေတယ်။ အဲဒါကတော့ သိပ်မကောင်းဘူးလို့ ထင်တယ်။ အဲဒါကတော့ ဘာပဲဖြစ်ဖြစ် လုပ်တဲ့အဖွဲ့အစည်းတွေမှာ ဂုဏ်သိက္ခာကျဆင်းလာနိုင်စရာရှိတယ်၊ ကျနော်မြင်တာကတော့။ တတ်နိုင်သမျှတော့ ပြည်သူလူထုကို မထိခိုက်အောင်တော့ ရှောင်ကြဉ်ဖို့လိုတာပေါ့။ အဲဒီတော့ ဖြစ်လာတဲ့အကြောင်းရင်းတွေက တပ်မတော်က ကေအိုင်အေဘက်ကို ထိုးစစ်ဆင်လို့ သူတို့က ဒီဘက်ကို ပြန်ပြီးလုပ်တယ်လို့ ယူဆရတယ်ပေါ့နော်။ ဒါပေမယ့် ဒီဘက်ကို လုပ်တဲ့အခါမှာလည်း ပန်ဆိုင်း၊ ကြူကုတ်ရယ်၊ ဟေမုံလုံရယ်၊ မုံးကိုးရယ်၊ ဖောင်းဆိုင်ဆိုတာတွေကလည်း အားလုံးက နယ်စပ်မျဉ်းတွေပေါ်မှာ တန်းနေတဲ့ နေရာတွေ ဖြစ်တယ်။ အဲဒီတော့ ဒီနေရာတွေမှာဖြစ်တဲ့ စစ်ပွဲတွေကလည်း တော်တော်အန္တရာယ်များတယ်။ ဘာဖြစ်လို့လဲဆိုတော့ တဘက်နိုင်ငံနဲ့ ကပ်နေတဲ့အခါကျတော့ တပ်မတော်ဘက်ကလည်း သတိထားရတယ်။ တိုင်းရင်းသားဘက်ကလည်း သတိထားရပါတယ်။ အခုဆိုရင် ဟိုဘက်မှာလည်း ကျတယ်ပေါ့။ နောက် စစ်ပြေးဒုက္ခသည်တွေလည်း လေး၊ ငါး၊ ခြောက်ထောင် အများကြီး ဖြစ်သွားတယ်ပေါ့။ တဘက်နိုင်ငံနဲ့ပါ ပတ်သက်လာတဲ့သဘော ဖြစ်လာတယ်။ တဘက်နိုင်ငံကလည်း ကြေညာချက်တွေအမျိုးမျိုး ထုတ်တယ်။ ဂလိုဘယ်တိုင်းမ်လို သူတို့သတင်းစာတွေကလည်း ရေးတယ်ပေါ့။ သူတို့ကလည်း ဒီစစ်ပွဲမှာ သူတို့ နက်နက်ရှိုင်းရှိုင်း ပါဝင်လာအောင်လုပ်တာ သူတို့ သည်းမခံဘူး ပြောတယ်။ နောက်တခုက သူတို့မှာ တိုင်းရင်းသားတွေ ရှိတယ်။ ဒီဘက်မှာ ကချင်ရှိသလို၊ ဟိုဘက်မှာလည်း ကချင်ရှိတယ်။ ဒီဘက်မှာ ကိုးကန့်ရှိသလို ဟိုဘက်မှာလည်း ကိုးကန့်တွေရှိတယ်။ အဲဒီတော့ သူတို့ဘက်က တိုင်းရင်းသားတွေကို လာပြီးလှုံ့ဆော်တာမျိုး သူတို့ လုံးဝလက်မခံဘူးပေါ့နော်။ အဲဒါတွေလည်း မမျှော်လင့်ဖို့ဆိုပြီး ပြောတာတွေရှိတယ်။ ဆိုတဲ့အခါကျတော့ မပြေးသော်လည်းကန်ရာရှိ၊ ဒါတွေက အကုန်လုံး ဆက်နွယ်နေပြီ။ တရုတ်ပြည် ကူမင်းမှာလည်း ဒေါက်တာတင်မျိုးဝင်းတို့ သွားတွေ့ရတာတွေ ဖြစ်လာပြီပေါ့နော်။ အဲဒါတွေကလည်း မပြေလည်ခဲ့ဘူးပေါ့။ တရုတ်ပြည်အနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ကျနော်တို့ကို ကူညီမလဲပေါ့။ ဒေါ်အောင်ဆန်းစုကြည် သွားတဲ့အချိန်တုန်းက ရှီကျင်းပင်နဲ့ နှစ်ဦးသဘောတူ ထုတ်ပြန်တဲ့ ကြေညာချက်တွေ ရှိတယ်။ ဒီကြေညာချက်တွေမှာဆိုရင် တော်တော်ကောင်းတဲ့အချက်တွေ ပါတယ်ပေါ့နော်။ အဲဒီကြေညာချက်တွေကို လာအိုမှာ တခါတွေ့တော့လည်း ထပ်ပြီးတော့ ရှီကျင်းပင်က ကတိပြုတယ်။ ဒီအတိုင်းပဲ ကျနော်တို့ လိုက်နာပါ့မယ်ပေါ့နော်။ အဲဒါက ဘာတွေလဲဆိုတော့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို သူတို့ အထောက်အကူပြုမယ်။ ငြိမ်းချမ်းရေးကို အားပေးမယ်ပေါ့နော်။ ကျနော်မြင်တာကတော့ တရုတ်ဘက်ကလည်း တက်တက်ကြွကြွနဲ့ ကူညီအားပေးမှုတွေ ရှိသင့်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျာ။ ဆရာအေးမောင်ကျော် ပြောတာက စစ်ဘောင် ပိုကျယ်လာတာပေါ့နော်။ အထူးသဖြင့်တော့ အရပ်ဘက်ပစ်မှတ်တွေပါ ပါလာတယ်။ အဲဒီလိုပဲ အိမ်နီးချင်း တရုတ်နိုင်ငံမှာဆိုလည်း ဒုက္ခသည်တွေ လက်ခံထားရတယ်။ နယ်စပ်ဒေသ မတည်ငြိမ်မှုတွေဖြစ်တယ်၊ ကုန်သွယ်ရေးတွေ ပျက်ပြားတယ်ပေါ့။ အဲဒီလိုအခြေအနေမှာ ကိုဝင်းမင်း ပြောသလိုမျိုး ပြန်တည့်နိုင်အောင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကလည်း အချက် ၅ ချက် ထုတ်ပြန်ကြေညာပါတယ်။ အထူးသဖြင့်တော့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲပေးဖို့ပေါ့။ တပ်မတော်၊ အစိုးရ၊ တိုင်းရင်းသားတွေ တကယ်လက်တွေ့ကျတဲ့ နောက်တလမ်းပေါ့နော်။ တိုက်နေ ခိုက်နေရင်တော့ ငြိမ်းချမ်းရေးဆိုတာ ဝေးနေမှာ။ စစ်ဘောင်ကျယ်နေသမျှ ငြိမ်းချမ်းရေးဘောင် ကျဉ်းနေမှာပေါ့နော်။ ဘာများ အမြန်ဆုံး ပြန်လုပ်သင့်လဲ။ ငြိမ်းချမ်းရေးဆိုတဲ့လမ်းကြောင်း ပြန်တည်နိုင်အောင် လက်ရှိအခြေအနေမှာ အလုပ်သင့်ဆုံးက ဘာလဲဆိုတာ ဆရာဝင်းမင်း ဖြည့်စွက် ပြောပေးပါဦးဗျ။" ဦးဝင်းမင်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) "ပထမအချက်ကတော့ ကျနော့်အမြင် စဉ်းစားချက်ပေါ့နော်။ တပ်တွေရဲ့ အဓိက ယုံကြည်ချက် စဉ်းစားချက်က ရှိတယ်။ အဲဒါ ဘာရှိလဲဆိုတော့ ဆွေးနွေးပွဲစကားဝိုင်းတွေ တက်ဖို့ဆိုရင် စစ်ရေးအရ ဖိအားပေးရမယ်ဆိုတဲ့ ယုံကြည်ချက် ရှိကြတယ်။ အလားတူပဲ လူထုလှုပ်ရှားမှုတွေ လုပ်တဲ့လူကလည်း ဆွေးနွေးပွဲတွေ တက်ချင်ရင် လူထုလှုပ်ရှားမှုတွေ ရှိရမယ်ဆိုတဲ့ စဉ်းစားချက်တွေ ရှိကြတယ်။ အဲဒီတော့ အခုအခြေအနေမှာတော့ ဖြစ်နေတဲ့ အလားအလာ၊ လူထုက ရွေးကောက်ထားတဲ့ အစိုးရအောက်မှာ ဖြစ်နေတယ်။ တပ်မတော်ကလည်း တစုံတရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်။ အဲဒီလိုအနေအထားအောက်မှာတော့ ကျနော့်အမြင်က စစ်ရေးအရ စားပွဲဝိုင်းပေါ် တက်လာဖို့ဆိုတာက ခက်ခဲတယ်။ အခု တိုက်လိုက်တဲ့အတွက် ပိုဆိုးသွားတယ်။ သူတို့ တိုက်ရခြင်းအကြောင်းက ရှင်းတယ်။ သူတို့ ထုတ်ပြောတယ်။ ဒီသုံးဖွဲ့အနေနဲ့ ဆွေးနွေပွဲမှာ သူတို့ မပါဘူး။ ရခိုင်ရယ်၊ ကိုးကန့်ရယ်၊ ပလောင်ရယ်ပေါ့နော်။ သူတို့ ဆွေးနွေးပွဲမှာ ပါလာချင်တယ်။ အဲဒီတော့ အလားတူပဲ ကချင်ဘက်မှာကလည်း သူ့ရဲ့ လိုင်ဇာနဲ့ပတ်သက်ပြီး တိုက်မလားဆိုပြီး စိုးရိမ်ချက်တွေ ရှိတယ်။ တပ်မတော်ဘက်ကလည်း တဖြည်းဖြည်းနဲ့ လိုင်ဇာနားကို ကပ်လာတဲ့ အနေအထားမျိုးတွေ ကြုံနေရတယ်။ တပ်မတော်ဘက်ကလည်း တပ်ရဲ့သဘာဝ စဉ်းစားချက်အရ ဒီဆွေးနွေးပွဲတွေ ကောင်းလာဖို့ အန်စီအေထိုးဖို့အတွက် စစ်ရေးအရ ဖိအားပေးရမယ်ဆိုတဲ့ စဉ်းစားချက် ရှိတယ်။ ဒီနေရာမှာတော့ ငြိမ်းချမ်းရေး ဆွေးနွေးတာကတော့ ယုံကြည်မှု တည်ဆောက်ရတာလေ။ အခုလိုမျိုး စစ်ရေးအရ သွားပြီးဖိအားပေးလို့ မရဘူးဆိုတာ တပ်တွေအားလုံး နားလည်ဖို့ ကျနော့်အမြင်အရတော့ အရမ်းအရေးကြီးတယ်။ စစ်ရေးအရ ဖိအားသွားပေးလေ၊ ယုံကြည်ချက်က ကျလေ၊ ငြိမ်းချမ်းရေးနဲ့ ဝေးလေပဲ။ ဘယ်လိုမျိုး ဆွေးနွေးပွဲတွေ ပြန်စမလဲပေါ့။ စစချင်းမှာ တရားဝင်ဆွေးနွေးပွဲတွေရဖို့က ကျနော့်အမြင်တော့ ခက်တယ်။ တရုတ်ပြည်မှာ သွားဆွေးနွေးတယ်။ ၄ ဖွဲ့ပါမှ ရမယ်။ သတ်မှတ်ချက်တွေပေါ့၊ တဖွဲ့ချင်း ဆွေးနွေးမယ်တို့ အဲဒါတွေအားလုံး ခဏမေ့ထားလိုက်။ အရေးကြီးဆုံးက တရားမဝင် အလွတ်သဘော ရင်းရင်းနှီးနှီး ပြန်ဆွေးနွေးမယ့် ဆွေးနွေးပွဲမျိုး ပြန်စရမယ်။ အခုတခေါက်ဆိုရင် အဲဒီလိုမျိုး ဆွေးနွေးပွဲတွေကို ကြိုပြီးပြင်မထားဘူးလို့ ကျနော်ထင်တယ်။ နှစ်ဘက်စလုံးကလည်း တရုတ်ကို အကူအညီတောင်းတဲ့သဘောမျိုး ဖြစ်တယ်။ စေ့စပ်ပေးဖို့။ တရုတ်ကလည်း သူ့အနေနဲ့ ဒီကိစ္စကို ကူညီချင်တယ်။ သူ့နယ်စပ်နဲ့ပတ်သက်နေတဲ့ ကိစ္စလည်း ဖြစ်တယ်။ သူ့ရဲ့သြဇာအာဏာ ထူထောင်ဖို့၊ နာမည်ကောင်းရဖို့။ တကယ်တမ်းကျတော့ တရုတ်ကလည်း သေချာမပြင်ထားဘူး။ ဟိုရောက်တဲ့အခါကျမှ ဘယ်လိုအနေအထား ဆွေးနွေးမလဲ ဆိုတော့မှ ပြဿနာတက်ကြတယ်။ အဲဒီတော့ တိုက်ပွဲဖြစ်သွားပြီးပြီဆိုရင်တော့ ဒီလိုအနေအထားတွေက ဖြစ်တတ်တယ်။ ယုံကြည်မှုက အရမ်းကျသွားတာကိုး။ အဲဒီတော့ ကျနော့်အမြင်ကတော့ စစချင်း တရားမဝင် အလွတ်သဘော ဆွေးနွေးပွဲလေးတွေ အကြိမ်ပေါင်းများစွာ ဖြစ်နိုင်ရင် အမြန်ဆုံးလုပ်ရမယ်။ ကချင်နဲ့ ၂၀၁၄ တိုက်ပွဲတွေဖြစ်တုန်းက ကျနော် မှတ်မိတယ်။ အဲဒီတုန်းက တရားမဝင် ဆွေးနွေးပွဲတွေကို တပတ်အတွင်း ပြန်စနိုင်တယ်။ အလွတ်သဘောပေါ့နော်။ အခုတခေါက်လည်း အဲဒါကို အမြန်ဆုံး ပြန်စရမယ်ထင်တယ်။ ပြီးတော့မှ တရားဝင်ဆွေးနွေးပွဲ ယူအန်အက်ဖ်စီ တခုလုံးနဲ့ဖြစ်ဖြစ်၊ မြောက်ပိုင်းမဟာမိတ်တခုလုံးနဲ့ဖြစ်ဖြစ် တရားဝင်ဆွေးနွေးပွဲလေးတွေ ဖြစ်နိုင်ရင်တော့ ဒီဖေဖော်ဝါရီ ပင်လုံမတိုင်ခင် သွားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။" ဦးတိုးဇော်လတ်(ဒီဗွီဘီ) "ဟုတ်ကဲ့ခင်ဗျာ။ ဆရာဝင်းမင်းကတော့ Pre Condition မထားတဲ့ အပြုသဘောဆောင်တဲ့ ပြန်လည်ညှိနှိုင်းမှုတွေက ငြိမ်းချမ်းရေးလမ်းကြောင်းကို ပြန်တက်သင့်တယ်လို့ ပြောနေပါတယ်။ အဲဒီလိုပဲ ဆရာအေးမောင်ကျော်လည်း ကျနော် မေးချင်ပါတယ်။ တရုတ်ပြည်က သူ့နယ်စပ်နဲ့လည်း ထိတွေ့လာတယ်။ တရုတ်ပြည်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင် ပါလာတယ်ပေါ့နော်။ တကယ်တမ်း အလုပ်ဖြစ်လောက်တဲ့ နောက်ထပ်ခြေလှမ်းပေါ့။ လက်ရှိအခြေအနေမှာတော့ တိုက်ပွဲတွေကြောင့် ယုံကြည်မှု တော်တော်လေး ပျက်ပြားနေတယ်။ ဒီအခြေအနေက ရုန်းထွက်နိုင်ဖို့ ဘာလုပ်သင့်လဲ ဆရာအေးမောင်ကျော် ဖြည့်စွက်ဆွေးနွေးပေးပါဦးခင်ဗျ။" ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်) "ဘာလုပ်သင့်လဲဆိုတော့ အခုနက ပြောသလို။ အားလုံးကတော့ ဘက်သုံးဘက် ရှိတယ်ပေါ့။ တပ်မတော်ဘက် ရှိမယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိမယ်။ နောက် တဘက်နိုင်ငံ ရှိမယ်။ ဆိုတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍက တော်တော်အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ အပစ်အခတ်ရပ်စဲရေးက တပ်နဲ့ အရင်လုပ်ကြရမှာကိုး။ လူသေတဲ့ဖြစ်စဉ်ကို အရင်ရပ်မှ ဖြစ်မှာလေ။ ဒါမှ ကျနော်တို့ နိုင်ငံရေးကို တက်လို့ရမှာ။ အခုဖြစ်လာတဲ့ ပြဿနာက အန်စီအေစာချုပ်ပေါ့လေ။ ဒါက ကျနော်တို့က ရှိပြီးသား။ ဒီ အန်စီအေစာချုပ်က အားလုံး သဘောတူပါဝင် ဆွေးနွေးထားတယ်။ ဒါပေမယ့် တချို့ကလည်း လက်မှတ်မထိုးနိုင်ဘူး။ ဒီပြဿနာက ခံနေတယ်။ နောက်တခုက အားလုံးပါဝင်ရေးဆိုတဲ့ ပြဿနာပေါ့။ ဒီနှစ်ခုက တကယ့်အခရာမှာ ရောက်နေတဲ့ ပြဿနာ နှစ်ခု။ တဘက်က ပြဿနာက ထောင်ချောက်ကြီးလိုမျိုး ဖြစ်နေသလားလို့ တခါတလေကျတော့ စဉ်းစားမိတယ်။ ဘာလို့လဲဆိုတော့ ဒီမှာပဲ လာတစ်နေတယ်ပေါ့နော်။ သူတို့က သဘောမတူတာလည်း မဟုတ်ဘူး။ သဘောတူပြီးသားကိစ္စတွေ။ လက်မှတ်ထိုးတဲ့အခါမှာ မထိုးထားဘူး။ ဆိုတဲ့အခါကျတော့ All Inclusive ဆိုတာကျတော့လည်း ဒီသုံးဖွဲ့ကို လက်ခံဖို့ဆိုတာ သူတို့ အကြိမ်ကြိမ်ညှိတယ်။ စကားလုံးလေးတွေမှာ ကပ်ပြီးလွဲနေတယ်ပေါ့နော်။ လက်နက်ကိုင်လမ်းစဉ်ကို မကိုင်စွဲတော့ပါဘူးလို့ ပြောတဲ့နေရာမှာ တခြားတမျိုးနဲ့ စဉ်းစားနေကြတယ်။ အဲဒီတော့ တကယ့်တကယ်ကျတော့ အတွင်းသဘောတွေ တဘက်နဲ့တဘက် သိနေကြမယ် ထင်တယ်လေ။ ဒါပေမယ့် ရှေ့ကို ခြေတလှမ်းတိုးဖို့မှာ အရမ်းခက်နေတယ်။ ဒါတွေကလည်း ကျနော်တို့က လုပ်ရမှာ။ ဒီကြားထဲမှာလည်း အဲဒီကတဆင့် ကျနော်တို့က တိုးတက်မှုရနိုင်တယ်ပေါ့နော်။ တဘက်က ဒီအဖွဲ့တွေနဲ့လည်း ရမယ်ဆိုရင် ဒီဖေဖော်ဝါရီလကုန်လောက်မှာပဲ ဖြစ်နိုင်မလား။ နောက်ဆုတ်သွားရမယ်ဆိုလည်း သိပ်မကောင်းပြန်ဘူးပေါ့ဗျာ။ ကျနော့်အမြင်ကတော့ ဖေဖော်ဝါရီ အမီဖြစ်ဖို့ တော်တော်ခက်ပါမယ်။" ဦးတိုးဇော်လတ် (ဒီဗွီဘီ) "ဟုတ်ကဲ့။ အခု ဖေဖော်ဝါရီဆိုလည်း ကပ်နေပြီ။ နောက်ဆုံး ကိုဝင်းမင်းကို မေးချင်တာက မြန်မာပြည်မှာတော့ သြဇာရော အာဏာရော ရှိတာဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ပေါ့နော်။ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်ပါ။ ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေး ဆိုတာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိကမူဝါဒအနေနဲ့ ဖော်ဆောင်နေတာပါ။ အဲဒီတော့ အခုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့သြဇာအာဏာသုံးပြီး ဘာလုပ်သင့်လဲဆိုတာ ကိုဝင်းမင်း ဖြည့်စွက် ဆွေးနွေးပေးပါဦး။" ဦးဝင်းမင်း (နိုင်ငံရေး လေ့လာသုံးသပ်သူ) "ခုနက ယူအန်အက်ဖ်စီနဲ့ တောင်းဆိုထားတဲ့ အချက် ၈ ချက်ရှိတယ်။ ၉ ချက်ကတော့ အပေါ် ၈ ချက်တူရင် သဘောတူမယ်ဆိုတော့ အဲဒီ ၈ ချက်ကို အသေးစိတ်၊ လိုချင်တာ နှစ်ဘက်လုံးက မရနိုင်ဘူး။ ကိုယ့်ရပ်တည်ချက်တွေပေါ်မှာ ရပ်မနေနဲ့။ တိုင်းပြည်အတွက်က အရေးကြီးတယ်။ ဆိုလိုတာက တိုင်းပြည်ပြဿနာကို ဖြေရှင်းဖို့ အရေးကြီးတယ်။ ကိုယ့်ရပ်တည်ချက် ခိုင်သွားလို့၊ ကိုယ့်အတ္တခိုင်သွားလို့ တိုင်းပြည်က နစ်နာနေတယ်။ အခုလည်း အဆိုးဆုံးအခြေအနေကို ရောက်နေတယ်။ အဲဒီစဉ်းစားချက်ကို ကျနော့်အမြင်က ဒေါ်အောင်ဆန်းစုကိုယ်တိုင် ဦးဆောင်ပြီး ပြောင်းနိုင်အောင်၊ နိုင်ငံရေးဘက်၊ ဆွေးနွေးဘက်ကို တချိန်တည်းလုပ်သွားပြီးတော့ Informal Talks တွေပေါ့နော်။ ဘေးမှာသွားပြီးတော့ အလွတ်သဘော ဆွေးနွေးတဲ့ပွဲတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီးပဲဖြစ်ဖြစ်၊ ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ကြပြီးတော့ပဲဖြစ်ဖြစ် ပြန်လုပ်ဖို့လိုမယ်လို့ ကျနော် မြင်တယ်။ ပုံမှန်တော့ သွားလို့မရဘူး။"
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024