ကစားသမားများ အသက်ဆုံးရှုံးခဲ့ရသည့် ချာပက်ကိုအန်ဆီအသင်း ဇန်နဝါရီတွင် ပွဲပြန်ကစားမည်

လေယာဉ်ပျက်ကျမှုမှ လွတ်မြောက်လာသည့် ဘရာဇီးကစားသမားတဦး။ (ဓာတ်ပုံ - ရိုက်တာ)
976
လေယာဉ်ပျက်ကျရာက အသင်းသားအများစု အသက်ဆုံးရှုံးခဲ့တဲ့ ဘရာဇီးကလပ် ချာပက်ကိုအန်ဆီအသင်းဟာ လာမယ့် ဇန်န၀ါရီ ၂၉ ရက်နေ့မှာ ပထမဆုံးအကြိမ် ပွဲပြန်လည်ကစားမှာဖြစ်ပါတယ်။
ဒါဟာ ချာပက်ကိုအန်ဆီအသင်း နည်းပြသစ် ဗက်ဂ်နာမန်စီနီအတွက် ပထမဆုံးပွဲလည်း ဖြစ်ပါတယ်။
ချာပက်ကိုအန်ဆီအသင်းဟာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ပါးလ်မီးရပ်စ်အသင်းနဲ့ လိဂ်ပွဲကို နောက်ဆုံးကစားခဲ့ပြီး နောက်တနေ့ နိုဝင်ဘာ ၂၈ ရက်မှာ ကိုလံဘီယာနိုင်ငံကို ဗိုလ်လုပွဲကစားဖို့ အသွား လေယာဉ်ပျက်ကျမှုအဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာပါ။
ဒီခရီးစဉ်မှာ ပါဝင်ခဲ့ပြီး အသက်မသေဘဲ လွတ်မြောက်လာတဲ့ ကစားသမား ၃ ဦးထဲက ၂ ဦးကတော့ ဘရာဇီးနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီဖြစ်ကာ ဂိုးသမား ဂျက်ဆန်ဖိုးလ်မန်းမှာ ခြေထောက်ဖြတ်ခဲ့ရတာကြောင့် ဘောလုံးလောကကို ကျောခိုင်းခဲ့ရပြီ ဖြစ်ပါတယ်။
ဒီလေယာဉ်ပျက်ကျမှုကြောင့် ဘောလုံးသမားတွေ အပါအ၀င် စုစုပေါင်း ၇၁ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။