Home
မြန်မာသတင်း
ကြက်ရိုးပြင်ရွာတွင် အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ခြင်းမရှိဟု စုံစမ်းစစ်ဆေးရေးကော်မရှင် ထုတ်ပြန်
DVB
·
December 14, 2016
ရခိုင်ပြည်နယ် မောင်တောဒေသက ကြက်ရိုးပြင်ကျေးရွာမှာ အမျိုးသမီးတွေ  အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုဖြစ်စဉ် ဖြစ်ပွားခဲ့တာ မရှိဘူးလို့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒု-သမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့က ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ မောင်တောဒေသက အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ နေရာတွေကို သွားရောက်  ကြည့်ရှုစစ်ဆေး စုံစမ်းမေးမြန်းပြီးနောက် ခုလို ထုတ်ပြန်လိုက်တာပါ။ The Guardian သတင်းစာနဲ့ South China Morning Post ၀က်ဆိုက်မှာ ဒီဇင်ဘာ ၁၁ ရက်က တင်ခဲ့တဲ့ သတင်းတပုဒ်မှာ မြန်မာနိုင်ငံကနေ သမီးဖြစ်သူနဲ့အတူ ထွက်ပြေးလာတဲ့ Noor Ayesha ဆိုတဲ့ အမျိုးသမီးက သူဟာ ကြက်ရိုးပြင်ရွာကဖြစ်တဲ့အကြောင်း၊ အဓမ္မပြုကျင့်ခံရသလို သမီးနှစ်ယောက်လည်း အဓမ္မပြုကျင့် အသတ်ခံခဲ့ရကြောင်း၊ ခင်ပွန်းဖြစ်သူလည်း အသတ်ခံရပြီး  ကြက်ရိုးပြင်ရွာကို တပ်မတော်က ဝင်ရောက်စဉ် အခြားအမျိုးသမီးတွေလည်း အဓမ္မပြုကျင့်ခံရတယ်လို့ ပြောတဲ့ကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တွေက ဒီဇင်ဘာ ၁၂ ရက်က ကြက်ရိုးပြင်ရွာကို သွားရောက်ပြီး အမျိုးသား၊ အမျိုးသမီးတွေကို အချိန်ယူ ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းရာမှာ Noor Ayesha ဆိုတဲ့  အဆိုပါအမျိုးသမီးကို ၎င်းတို့ရွာမှာ မတွေ့ဘူးကြောင်းနဲ့ ရွာမှာ ဘာအဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တာမှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ တပ်မတော်စစ်ကြောင်းက တာဝန်ရှိ အရာရှိတွေကလည်း အမျိုးသမီးတွေကို အဓမ္မပြုကျင့်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့တာ မရှိတဲ့အကြောင်းနဲ့ တပ်မတော် စည်းမျဉ်းစည်းကမ်းနဲ့အညီ ဥပဒေဘောင်အတွင်းမှာ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ဒီဒေသမှာ နိုဝင်ဘာ ၂၂ ရက်နောက်ပိုင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်တွေမှာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ မီးရှို့မှုများ မရှိတော့ကြောင်းနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးနေရာမှာ မသက်ဆိုင်သူ ၄၈ ဦးကို လွှတ်ပေးပြီးဖြစ်တယ်လို့လည်း ကော်မရှင်က ထုတ်ပြန်ပါတယ်။ ရွာသူရွာသားတွေကတော့ မိသားစုဝင်တွေ ဖမ်းဆီးစစ်ဆေးခံနေရတာတွေ ရှိတဲ့အကြောင်းနဲ့ အပြစ်မရှိရင် ပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေကို မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - Myanmar President Office
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024