ခရစ္စမတ်ဘိုးဘိုးကြီးဝတ်စုံ ဝတ်ဆင်ရုပ်ဖျက်ပြီး မူးယစ်မှောင်ခိုဂိုဏ်းဖြိုခွင်းသည့် ရဲအဖွဲ့ (ရုပ်သံ)

ပီရူးနိုင်ငံမှ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲအဖွဲ့တဖွဲ့ဟာ မူးယစ်မှောင်ခိုဂိုဏ်းသားတွေ နေထိုင်တဲ့ အိမ်တအိမ်ကို ခရစ္စမတ်ဘိုးဘိုးကြီးဝတ်စုံတွေ ဝတ်ဆင်ရုပ်ဖျက်ပြီး စီးနင်းဖြိုခွင်းနိုင်ခဲ့ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အဲဒီဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အိမ်ထဲကို တူတွေနဲ့ ရိုက်ဖျက်ကာ အလစ်ဝင်ရောက်ခဲ့ကြပြီး ဝတ်စုံတွေအောက်က လက်နက်တွေထုတ်ကာ စီးနင်းခဲ့ကြတာကို တွေ့ရပါတယ်။ သူတို့ဟာ မူးယစ်ဆေးဝါးသံသယရှိသူ တရားခံ ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး အိမ်အတွင်း ဝှက်ထားတဲ့ ကိုကင်းထုပ် ၄၅၆၄ ထုပ်ကို သိမ်းဆီးရမိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ဒေသတွင်းသတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်အရ ဖမ်းဆီးရမိသူတွေထဲက တဦးဟာ အသက် ၆၀ အရွယ် ဗစ်တာ ပင်တို ကာရက်စ်ကို ဆိုသူဖြစ်ပြီး ကျန်တဲ့သူတွေကတော့ သူနဲ့ ပတ်သက်ဆက်နွယ်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ ဒီအိမ်ကို မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးတဲ့ နေရာတခုအဖြစ် အသုံးပြုတာဖြစ်တယ်လို့ အေဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဖမ်းဆီးခံ မူးယစ်ဆေးဝါးတရားခံတွေရဲ့ ဆွေမျိုးဖြစ်ပုံရတဲ့ အမျိုးသမီးကြီးတဦးက အော်ဟစ်ငိုယို ဆဲဆိုနေခဲ့တာကို တွေ့ရပါတယ်။ သူက မိုရွန်အမည်ရတဲ့ တရားခံကို “ငါ နင့်ကို ပြောခဲ့တယ်။ နင့်ဘဝကို ငရဲကျစေမယ်လို့။ နင်ဟာ မကောင်းဆိုးဝါးကောင်ပဲ” လို့ အော်ဟစ်ပြောဆိုနေခဲ့တာပါ။ လက်ရှိမှာတော့ တရားခံ ၄ ဦးကို စစ်ဆေးမေးမြန်းမှုတွေလုပ်ပြီး အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ပီရူးနိုင်ငံဟာ ကိုလံဘီယာနိုင်ငံနဲ့ ဆက်စပ်ပြီး ကမ္ဘာ့ထိပ်တန်း ကိုကင်းထုတ်လုပ်မှု အများဆုံးနိုင်ငံတနိုင်ငံအဖြစ် ရှိနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up