မြန်မာနဲ့မလေးရှား ဘယ်အသင်း ဗိုလ်လုပွဲတက်မလဲ (ပွဲကြိုသုံးသပ်ချက်)

7.2K
၂၀၁၁ ဆီးဂိမ်း၊ အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုအဆင့် နောက်ဆုံး ပွဲစဉ်တွေကို နိုဝင်ဘာ ၁၇ ရက်နေ့ ညပိုင်းက အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာ ကျင်းပခဲ့ရာ ဗီယက်နမ် အသင်းက လာအိုအသင်းကို ၃-၁ဂိုးနဲ့ အနိုင်ရလို့ အုပ်စု (ခ) ရဲ့ ပထမနေရာ ရရှိသွားပြီး အုပ်စု (က) မှာတော့ မလေးရှားအသင်းက အင်ဒိုနီးရှားကို မမျှော်လင့်ဘဲ အနိုင်ရကာ အုပ်စု က ရဲ့ ပထမ ဖြစ်သွားပါတယ်။
အင်ဒိုနီးရှားအသင်းဟာ ဒီပွဲစဉ်ကို သရေကစားနိုင်ရုံနဲ့ အုပ်စု ပထမနေရာ ရရှိမှာ ဖြစ်ပါတယ်။
အင်ဒိုနီးရှားအသင်းဟာ မလေးရှားအသင်းကို လျှော့တွက်ခဲ့ပုံရပြီး အဓိက ကစားသမားအချို့ ကို ပွဲထွက်စာရင်းမှာ ချန်လှပ်ထားခဲ့တယ်။ ဒုတိယပိုင်း မိနစ် ၇၀ လောက်ရောက်မှ အားထားရတဲ့ကစားသမားတွေကို ထည့်သွင်းပြီး ချေပဂိုးပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် ဆေးမမီတော့ပါဘူး။ အိမ်ရှင်အင်ဒိုနီးရှားအသင်းဟာ ဆီမီးဖိုင်နယ်အဖြစ် ကစားပုံအလွန်မာကျောတဲ့ ဗီယက်နမ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အခြား ဆီးမီးဖိုင်နယ်မှာတော့ မြန်မာနဲ့ မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကြရမှာပါ။
မြန်မာနဲ့  မလေးရှား
၂၀၀၁ ခုနှစ်ကစတင်လို့  ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲကို အသက် ၂၃ နှစ်အောက်အဖြစ် ပြောင်းလဲလိုက်ပြီးနောက်ပိုင်း မြန်မာနဲ့ မလေးရှားအသင်းတို့ ဟာ အတိုင်းအတာတခုအထိ အောင်မြင်မှုရရှိခဲ့ကြတဲ့ အသင်းတွေ ဖြစ်ပါတယ်။ မလေးရှားအသင်းဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲ ၅ ကြိမ်မှာ ၄ ကြိမ် အုပ်စုအဆင့်ကို ကျော်လွန်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ဒုတိယ၊ ၂၀၀၃ နဲ့ ၂၀၀၅ တို့ မှာ တတိယရရှိကာ ၂၀၀၉ ခုနှစ် ဆီးဂိမ်းမှာ ဗိုလ်စွဲခဲ့ပါတယ်။
မြန်မာအသင်းအနေနဲ့လည်း ပြီးခဲ့တဲ့ဆီးဂိမ်းပြိုင်ပွဲ ၅ ကြိမ်မှာ အုပ်စုအဆင့်ကို ၃ ကြိမ် ကျော်ဖြတ်နိုင်ခဲ့ပြီး ၂၀၀၇ ဆီးဂိမ်းပြိုင်ပွဲမှာတော့ ဒုတိယရရှိခဲ့ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲ သမိုင်းတလျှောက်ကို ပြန်ကြည့်ရင်လည်း မြန်မာနဲ့ မလေးရှား အသင်းတို့ဟာ ၅ ကြိမ်ဆီ ဗိုလ်စွဲခဲ့ကြသလို့ အောင်မြင်မှုနဲ့ အစဉ်အလာပိုင်းမှာ ပြောပလောက်အောင် ကွာခြားခြင်း မရှိဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
အသင်း ၂ သင်း၏ ဖြတ်သန်းမှု
၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာသာမက မလေးရှားအသင်းပါ ပါဝင်ခဲ့တဲ့ အုပ်စုပွဲစဉ်တွေမှာ ရှုံးပွဲမရှိ ယှဉ်ပြိုင်နိုင်ခဲ့ကြပါတယ်။ မလေးရှားအသင်းက အုပ်စု (က) မှာ ၃ ပွဲနိုင် ၁ ပွဲသရေ ကစားခဲ့ပြီး မြန်မာအသင်းကတော့ အုပ်စု (ခ) မှာ ၄ ပွဲနိုင် ၁ ပွဲ သရေကစားခဲ့ပါတယ်။ မလေးရှာအသင်းဟာ သွင်းဂိုး ၇ ဂိုး၊ ပေးဂိုး ၂ ဂိုးရှိကာ မြန်မာအသင်းကတော့ ၁၃ ဂိုးသွင်းယူနိုင်ပြီး ၂ ဂိုးပြန်ပေးခဲ့ရပါတယ်။ အုပ်စုအဆင့်မှာ ယှဉ်ပြိုင်ခဲ့တဲ့ မှတ်တမ်းတွေအရ မြန်မာအသင်းက မလေးရှား အသင်းထက် သာတယ်လို့ ယူဆစရာ ဖြစ်နေပေမယ့် ခြေစွမ်းပိုင်းမှာတော့ မြန်မာ အသင်းက မလေးရှားအသင်းကို အသာရဖို့ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။
မလေးရှားအသင်းဟာ အိမ်ရှင်အင်ဒိုနီးရှား၊ နာမည်ကြီးထိုင်းနဲ့ အသင်းကောင်း တသင်းဖြစ်တဲ့ စင်ကာပူအသင်းတို့ကို ကျော်ဖြတ်ပြီး အုပ်စု ပထမ ရရှိခဲ့တာပါ။ မြန်မာအသင်းကတော့ အုပ်စုအဆင့်မှာ ဗီယက်နမ် တသင်းကိုသာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရတာဖြစ်ပြီး လာအို၊ ဖိလစ်ပိုင်နဲ့ တီမောတို့ကတော့ ခြေစွမ်းပိုင်း ထူးခြားမှု မရှိဘဲ မြန်မာအသင်းအတွက် လွယ်ကူတဲ့ ပြိုင်ဘက်တွေသာ ဖြစ်ခဲ့ပါတယ်။
လက်ရှိခြေစွမ်း
မြန်မာအသင်းဟာ အုပ်စုအဆင့်မှာ ၄-၃-၂-၁ ကစားကွက်နဲ့ ၄-၂-၃-၁ ကစားကွက်တို့ ကို အသုံးပြု ယှဉ်ပြိုင်သွားတယ်။ ခံစစ်အားပြုဖို့ လိုအပ်တဲ့ ဗီယက်နမ်အသင်းနဲ့ ပွဲစဉ်မှာ ၄-၃-၂-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီး ကျန်ပွဲစဉ်တွေမှာတော့ ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။
ဘယ်ကစားကွက်ပဲသုံးသုံး မြန်မာအသင်းနည်းပြ စတီဖင်ဟန်ဆန်ဟာ အထောင် တိုက်စစ်မှူးနေရာမှာတော့ ကျော်ကိုကိုအပေါ် အထူး အားထားတာ တွေ့ရပါတယ်။ မြန်မာအသင်းရဲ့ တိုက်စစ်မှာ ကျော်ကိုကို၊ မင်းမင်းသူတို့ရဲ့ တွဲလုံးတွေကနေ ဂိုးရဖို့ အဓိကထား ကစားပြီး မြန်မာအသင်းရဲ့ ကွင်းလယ်ညာခြမ်းကလည်း တိုက်စစ်အတွက် ပံ့ပိုးမှု ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာအသင်းရဲ့ တိုက်စစ်ကို ကွင်းလယ်ကနေ အဓိက ပုံဖော်ပေးနေသူကတော့ ကျော်ဇေယျာဝင်း ဖြစ်ပါတယ်။ မြန်မာအသင်းမှာ အားအနည်းဆုံးနေရာက အသင်းရဲ့ ဘယ်ဘက်ခြမ်းဖြစ်နေတယ်။ အလယ်တန်း ဘယ်အစွန်လူ ပြည့်ဖြိုးဦး ခြေစွမ်းပြနိုင်ခြင်း မရှိသလို နောက်တန်း ဘယ်အစွန်မှာ ဥာဏလွင်နဲ့  ရွှေလှိုင်ဝင်း ဘယ်သူ့ ကိုပဲ သုံးသုံး ခြေစွမ်းပိုင်းက သာမန်သာရှိပြီး တိုက်စစ်ရော ခံစစ်အတွက်ပါ အားနည်းချက် ရှိနေပါတယ်။
မြန်မာအသင်းဟာ လာအိုနဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ ၂ ဂိုး ပေးခဲ့ပြီးတဲ့နောက် ၄ ပွဲဆက် ဂိုးမပေးခဲ့ရပေမယ့်လည်း မြန်မာနောက်တန်းရဲ့ အနေအထားက ရာနှုန်းပြည့် စိတ်ချလို့ရတဲ့ အနေအထားမှာ မရှိပါဘူး။ မြန်မာအသင်းရဲ့ အဓိက အားနည်းချက်က တည်ငြိမ်မှု မရှိဘဲ ပြာယာခတ် တတ်တာပဲ ဖြစ်ပါတယ်။ မြန်မာ နောက်ခံလူ ၂ ယောက် ၂ ပွဲဆက် အနီကတ် ထိခဲ့သလို မလိုအပ်ဘဲနဲ့ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်လို့ ပင်နယ်တီ ဧရိယာတ၀ိုက်မှာ ဖရီးကစ်တွေ ပွဲတိုင်းပေးခဲ့ရတာ တွေ့ရပါတယ်။ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရာမှာတော့ ဖရီးကစ်တွေ ကန်ခွင့်ပေးရင် မလေးရှားအသင်း အကြိုက် ဖြစ်သွားမှာ ဖြစ်ပါတယ်။
မလေးရှားအသင်း အနေနဲ့ ဖရီးကစ်ကန်သွင်းမှုတွေ ကောင်းမွန်တာကို အုပ်စုအဆင့် ပွဲစဉ်တွေမှာ တွေ့ခဲ့ရပြီး မြန်မာအသင်းအတွက်တော့ အထူး သတိထားရမယ့် အနေအထား ဖြစ်ပါတယ်။ မလေးရှားအသင်းရဲ့ ဖရီးကစ်အပါအ၀င် တည်ကန်ဘောတွေကို မလေးရှား အသင်းခေါင်းဆောင် ဘတ်ဒရော (ကျောနံပါတ် ၁၀) အများဆုံး ကန်လေ့ရှိတာ တွေ့ရတယ်။ ဘတ်ဒရောဟာ မလေးရှား အသင်းအတွက် ၂၀၁၁ ဆီးဂိမ်းမှာ ၃ ဂိုး သွင်းပေးထားပြီး အသင်းတိုက်စစ်ကို အဓိက ဦးဆောင်သူလည်း ဖြစ်ပါတယ်။ မလေးရှား အသင်းဟာ ပုံမှန်အားဖြင့်  ကျောနံပါတ် ၁၄ အစ်ဇက်ဇ် တဦးတည်းကို အထောင်တိုက်စစ်မှူး အဖြစ် ရှေ့မှာတင်ကာ ၄-၅-၁ ပုံစံ ကစားတာများတယ်။ ဂိုးရဖို့ လိုအပ်ချိန်တွေမှာတော့ တိုက်စစ်မြှင့်တင်တဲ့ အနေနဲ့ ၄-၃-၃ ပုံစံ ပြောင်းကစားတာ သတိပြုမိပါတယ်။
မလေးရှားအသင်းရဲ့ ကစားပုံက ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့လို ခွန်အားနဲ့ လျင်မြန်မှုကို အဓိကထားပြီး ကစားတာမျိုး မဟုတ်ဘဲ အမှားနည်းနိုင်သမျှ နည်းအောင် ထိန်းရင်း ပြိုင်ဘက်အသင်းရဲ့ အားနည်းချက်ကိုစောင့်ပြီး ထိုးဖောက် ဂိုးသွင်းလေ့ရှိတာ ဖြစ်ပါတယ်။
မလေးရှားအသင်းရဲ့ အဓိက အားသာချက်က အသင်းလိုက် စုစည်းမှုကောင်းပြီး ခံစစ်ကို စနစ်တကျပိတ်ဆို့ ကစားတတ်ခြင်း ဖြစ်ပါတယ်။ ဒါအပြင့် တဦးခြင်း ခြေစွမ်းထက်မြက်တဲ့ ဘတ်ဒရောတို့လို ကစားသမားတွေ ပါဝင်နေကာ တန်ပြန်တိုက်စစ်ကစားပုံလည်း လျှင်မြန်ထိရောက်မှု ရှိပါတယ်။
ဘယ်အသင်း ဗိုလ်လုပွဲဆီ ခရီးဆက်မလဲ
အားနည်းချက်ရှိနေတဲ့ မြန်မာအသင်း ဘယ်ခြမ်းဟာ မလေးရှားအသင်း အထူး အားထားတဲ့ ညာတောင်ပံ တိုက်စစ်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခြင်း ရှိမရှိနဲ့ တောင့်တင်းတဲ့ မလေးရှားအသင်းခံစစ်ကြောင်းကို မြန်မာအသင်းရဲ့ တိုက်စစ်က ကျော်ဖြတ်နိုင်ခြင်း ရှိမရှိက ဘယ်အသင်း ဗိုလ်လုပွဲ တက်မလဲဆိုတာကို အဓိက အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနည်းပြအဖွဲ့အတွက်လည်း မြန်မာအသင်းရဲ့ ဘယ်ခြမ်း အားနည်းမှုပြဿနာဟာ အဓိကဖြေရှင်းရမယ့် ပုစ္ဆာ တပုဒ်ပါပဲ။ တီမောအသင်းနဲ့ ပွဲမှာ မြန်မာအသင်းရဲ့ ဘယ်တောင်ပံမှာ အတိုင်းအတာ တခုအထိ ခြေစွမ်းပြနိုင်ခဲ့တဲ့ မိုင်းအိုက်နိုင်ကို ဆက်သုံးမလား၊ ဒါမှမဟုတ် ၄ ပွဲဆက် ခြေစွမ်း မပြနိုင်ခဲ့တဲ့ ပြည့်ဖြိုးဦးကို ပြန်သုံးမလား ဆိုတာကတော့ မြန်မာနည်းပြအဖွဲ့ အနေနဲ့ ရွေးချယ်မှု မှန်ကန်ဖို့ အရေးကြီးလှပါတယ်။
ပြိုင်ပွဲအကြို ပြင်ဆင်မှု ကစားသမားစုဖွဲ့မှုနဲ့ အတွေ့အကြုံပိုင်းတွေကိုပါ ထည့်တွက်မယ်ဆိုရင် မလေးရှားအသင်းအတွက် ဗိုလ်လုပွဲ တက်ရောက်နိုင်တဲ့ အခွင့်အရေး ၆၀ ရာခိုင်နှုန်းလောက် ရှိပြီး မြန်မာအသင်းအတွက်တော့ အခွင့်အရေး ၄၀ ရာခိုင်နှုန်းလောက်ပဲ ရှိပါလိမ့်မယ်။ ဒါပေမယ့် ဘောလုံးမှာ ဘာမဆို ဖြစ်နိုင်တာကြောင့် မြန်မာကစားသမားတွေသာ နိုင်ငံချစ်စိတ်အပြည့်နဲ့ ကြိုးစားခဲ့မယ် ဆိုရင် အခွင်အရေး ဆတူ ရှိလာနိုင်ပြီး အမှားများတဲ့အသင်း ဗိုလ်လုပွဲနဲ့ ဝေးသွားမှာ ဖြစ်ပါတယ်။
မြန်မာ ယူ-၂၃ အသင်း မလေးရှားအသင်းကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲသို့ ခရီးဆက်ကာ နှစ်ပေါင်း ၄၀ နီးပါး ဝေးကွာနေတဲ့ ဘောလုံးရွှေတံဆိပ်ဆုကို မြန်မာပြည်သူတွေ အတွက် ပြန်လည် ရယူနိုင်ပါစေလို့ ဆန္ဒ ပြုအပ်ပါတယ်။