Home
မြန်မာသတင်း
အမျိုးသမီးများ အကြမ်းဖက်ခံနေရဟု ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်ပြောကြား (ရုပ်သံ)
DVB
·
December 14, 2016
ကမ္ဘာတ၀န်းမှာ အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ကဏ္ဍတွေမှာ တိုးတက်မှုရှိလာပေမယ့်  ကျား၊ မ ခွဲခြားဆက်ဆံခံရတာနဲ့  အမျိုးသမီးတွေ အကြမ်းဖက်ခံရတာတွေ ရှိနေဆဲပဲလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့မှာကျင်းပတဲ့ ကမ္ဘာ့အမျိုးသမီးများညီလာခံကို ပေးပို့တဲ့ ဗွီဒီယိုမိန့်ခွန်းမှာ ပြောကြားသွားတာဖြစ်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ သမားရိုးကျ အတွေးအခေါ်တွေကနေ ဖောက်ထွက်စဉ်းစားကြဖို့နဲ့ ဆန်းသစ်တဲ့ နည်းလမ်းကောင်းတွေရှာဖို့လည်း ကမ္ဘာတဝန်းက အမျိုးသမီးတွေကို တိုက်တွန်းပါတယ်။ ၁၉၉၅ ခုနှစ် တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာကျင်းပတဲ့ ကမ္ဘာ့အမျိုးသမီးညီလာခံ သဘောတူညီချက်တွေ ထွက်လာပြီးကတည်းက အမျိုးသမီးအခွင့်အရေးတွေ ကမ္ဘာမှာ  သိသိသာသာ တိုးတက်လာတာ မြင်တွေ့ရပေမယ့် ပိုမိုတိုးတက်အောင် လုပ်ဆောင်ဖို့ လိုနေသေးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ “ပညာရေးမှာ ကျား၊ မ ကွာဟချက်နည်းလာပြီး မိန်းကလေးတွေ အထက်တန်းကျောင်းတွေမှာ ပိုများလာတယ်။ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ရှိတဲ့ ကမ္ဘာ့အမျိုးသမီးလူဦးရေ တဝက်လောက်ဟာ ခုဆိုရင် လုပ်သားအင်အားစုဖြစ်နေပြီ၊ မြန်မာနိုင်ငံမှာ အစိုးရအလုပ်နဲ့ ပညာရေးကဏ္ဍတွေမှာ အလုပ်ခန့်ထားမှု အရေအတွက် တိုးလာနေတယ်၊ ဒါပေမယ့် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေသေးတယ်၊ ကျား၊ မ ခွဲခြားဆက်ဆံမှုဟာ ဒီကနေ့ ကမ္ဘာတဝန်းလုံးမှာ ရှိနေတုန်းပဲ။ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်ဟာ ဘဝမှာ တကြိမ်တခါတော့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ ခံနေကြရတယ်။” ကမ္ဘာ့နေရာအတော်များများမှာ အမျိုးသမီးတွေဟာ အချိန်ပိုမိုကြာရှည် အလုပ်လုပ်နေရပြီး နေအိမ်ထဲမှာ လုပ်အားခမရတဲ့ အိမ်မှုကိစ္စအလုပ်တွေ လုပ်နေကြရတာကို အသိမှတ်ပြုမခံရတဲ့ အကြောင်း၊ ဆုံးဖြတ်ချက်ချမှတ်တဲ့ အဆင့်နေရာမှာ အမျိုးသမီး အနည်းစုလောက်ပဲ ရှိနေသလို  စီးပွားရေးအရင်းအမြစ်တွေ အညီအမျှ သုံးစွဲနိုင်ခြင်းမရှိတာဟာ အမျိုးသမီးတွေကို ဆင်းရဲစေပြီး မိသားစုမှာ မှီခိုသူဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် ကမ္ဘာ့နေရာတိုင်းမှာရှိတဲ့ မိန်းကလေးတိုင်း၊ အမျိုးသမီးတိုင်းဟာ အောင်မြင်တဲ့ဘဝကို ဖန်တီးနိုင်စွမ်းရှိတယ်၊ နိုင်ငံရေးမှာသာမက ကဏ္ဍအားလုံးမှာ အမျိုးသမီးတွေအားလုံးပါဝင်ဖို့ အားလုံးအတူတကွ လုပ်ဆောင်ရမယ်လို့လည်း ပြောသွားပါတယ်။ ကမ္ဘာ့အမျိုးသမီးညီလာခံ “World Assembly for Women (WAW!)2016” ကို ဒီဇင်ဘာ ၁၃ ရက်ကနေ ၁၄ ရက်ထိ  တိုကျိုမြို့တော်မှာ ဂျပန်အစိုးရရဲ့ အစီအစဉ်နဲ့ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ကိုယ်တိုင် ဦးဆောင်ကျင်းပနေတာဖြစ်ပြီး ကမ္ဘာတဝန်းက အမျိုးသမီးခေါင်းဆောင်တွေ၊  အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေ ပါဝင်တက်ရောက်နေကြပါတယ်။ ရုပ်သံ - MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024