Home
ဆောင်းပါး
ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းရဲ့ တနှစ်တာလူသား
DVB
·
December 13, 2016
ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းကြီးကတော့ သူ့ရဲ့ ၂၀၁၆ ခုနှစ်အတွက် တနှစ်တာလူသား (person Of the year) အဖြစ် လောလောလတ်လတ် အမေရိကန်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရတဲ့ မစ္စတာဒေါ်နယ်လ်ထရမ့်ကို ရွေးချယ်လိုက်ပါပြီ။ ကမ္ဘာ့စာနယ်ဇင်းလောကမှာ မသိသူ မရှိသလောက်လို့ ပြောရမယ့် တိုင်းမ်မဂ္ဂဇင်းကြီးက ၁၉၂၇ ခုနှစ်ကစပြီး တနှစ်တာလူသား (Man of the year) တယောက်ကို ရွေးချယ်ပြီး မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ပုံနှိပ်ဖော်ပြသလို သူ့အကြောင်းကိုလည်း တခမ်းတနား ရေးသားဖော်ပြခဲ့တာကို သိရှိခဲ့ကြပြီး ဖြစ်မှာပါ။ တကယ်တော့ ဒီလို ရွေးချယ်တဲ့နေရာမှာ လူပုဂ္ဂိုလ် တဦးတယေက်တည်းကိုပဲ ရွေးချယ်တာမျိုး မဟုတ်ပါဘူး။ ဇနီး၊ ခင်ပွန်းတွေ နိုင်ငံရေး အတိုက်အခံတွေ၊ လူတန်းစားတရပ်လုံးကို ရွေးချယ်ဖော်ပြခဲ့သလို ကွန်ပျူတာလို ပစ္စည်းမျိုးကိုလည်း တနှစ်တာစက်ပစ္စည်း (Machine of the year) အဖြစ် ၁၉၈၂ ခုနှစ်က မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့တာ တွေ့ရပါတယ်။ နောက် ၁၉၈၈ ခုနှစ်မှာတော့ “ပျက်သုဉ်းတော့မယ့် ကမ္ဘာမြေ” (Planet of the year) အဖြစ် ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။ တခုရှိတာက  တိုင်းမ်မဂ္ဂဇင်းက အဲဒီလို တနှစ်တာအတွက် လူ၊ အစုအဖွဲ့၊ စက်ပစ္စည်းနဲ့ တခြားဟာတွေကို မျက်နှာဖုံးမှာတင်ပြီး ရေးသားဖော်ပြခဲ့တဲ့နေရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး သမ္မတတာဝန်ကို ထမ်းဆောင်ခဲ့တဲ့သူတွေ (ခြွင်းချက်အရ တချို့ကို မရွေးချယ် မဖော်ပြခဲ့ပေမယ့်) ကိုလည်း တနှစ်တာလူသားအဖြစ် ရွေးချယ်ဖော်ပြခဲ့တာ တွေ့ရပါတယ်။ အများအားဖြင့် အမေရိကန်သမ္မတအဖြစ် သူတို့ ရွေးချယ်ခံရတဲ့အချိန်မှာ ဒါမှမဟုတ် သူတို့ သမ္မတတာဝန်ကို ထမ်းဆောင်နေတဲ့ အချိန်အတောအတွင်းမှာ ရွေးချယ်ဖော်ပြလေ့ရှိတာ တွေ့ရပါတယ်။ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်မခံရခင်ကတည်းက တနှစ်တာလူသားအဖြစ် တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်ဖော်ပြခဲ့တဲ့ အမေရိကန်သမ္မတကတော့ ဒွိုက် ဒီ အိုက်ဆင် ဟောင်ဝါ တယောက်ပဲ ရှိပါတယ်။ ၁၉၄၄ ခုနှစ်က ဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ်မှာလည်း သူဟာ တိုင်းမ်မဂ္ဂဇင်းရဲ့ တနှစ်တာလူသားအဖြစ် ပြန်ပြီး ရွေးချယ်ဖော်ပြခံခဲ့ရပါတယ်။ အမေရိကန်သမ္မတတယောက်အနေနဲ့ သုံးကြိမ်အထိ တနှစ်တာလူသားအဖြစ် ရွေးချယ်ဖော်ပြခံခဲ့ရသူကတော့ ဖရင်ကလင်ဒီရုစဗဲလ့် ဖြစ်ပြီး သူ့ကို သမ္မတအဖြစ် စတင်ရွေးချယ် တင်မြှောက်ခံခဲ့ရတဲ့ ၁၉၃၂ ခုနှစ်ကဖြစ်ပြီး သမ္မတတာဝန် ထမ်းဆောင်နေဆဲကာလ ၁၉၃၄ နဲ့ ၁၉၄၁ ခုနှစ်တွေမှာ ထပ်ပြီး ဂုဏ်ပြု အမည်တပ်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီလို တနှစ်တာလူသားအဖြစ် တိုင်းမ်မဂ္ဂဇင်းရဲ့ သတ်မှတ်ဖော်ပြခံခဲ့ရသူတွေထဲမှာ ဝေါလစ်စ် ဆင်မ်ဆမ် (၁၉၃၆)၊ ကွင်းအဲလ်လိဇဘက် ၂ (၁၉၅၂) နဲ့ ဖိလိပိုင်သမ္မတ ကိုရာဇန် အကွီနို (၁၉၈၆) ခုနှစ်တွေမှာ အမျိုးသမီးတွေကို တနှစ်တာလူသားအဖြစ် ရွေးချယ် ဖော်ပြခံခဲ့ရတာ တွေ့ရပါတယ်။ တခြား အတန်းအစားတွေထဲက ယောက်ျား၊ မိန်းမတွေကိုလည်း တနှစ်တာလူသားအဖြစ် တိုင်းမ်မဂ္ဂဇင်းက အသိအမှတ်ပြု ဖော်ပြခဲ့ပါတယ်။ “ဟန်ဂေရိယန် လွတ်လပ်မှု တိုက်ပွဲဝင်သူများ” (၁၉၅၆)၊ “အမေရိကန်ပြည်ထောင်စု သိပ္ပံပညာရှင်များ” (၁၉၆၀)၊ “အမွေဆက်ခံသူများ” (၁၉၆၆)၊ “အမေရိကန် လူလတ်တန်းစားများ” (၁၉၆၉)၊ “အမေရိကန်စစ်သားများ” (၂၀၀၃)၊ “ခင်ဗျားတို့” (၂၀၀၆) နဲ့ “ဆန့်ကျင်ဆန္ဒပြသူ” (၂၀၁၁) တွေကို အမျိုးသမီးတွေကို ကိုယ်စားပြု ဖော်ပြခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ “အီဘိုလာ တိုက်ဖျက်သူများ” ကို ဂုဏ်ပြု ဖော်ပြ မှတ်တမ်းတင်ခဲ့ပါတယ်။ အထူးချီးမြှင့်မှုတွေကိုလည်း ၁၉၄၉ ခုနှစ်မှာ ဝင်စတန်ချာချီလ်ကို ရာစုနှစ်ဝက်လူသားအဖြစ် သတ်မှတ်ဖော်ပြပေးခဲ့ပြီး ၁၉၈၉ ခုနှစ် နောက်ဆုံးထုတ် တိုင်းမ်မဂ္ဂဇင်းမှာတော့ ဆိုဗီယက်ပြည်ထောင်စုက မီလ်ခေးဂေါ်ဘာချက်ဗ်ကို ဆယ်စုနှစ် လူသားအဖြစ် ဂုဏ်ပြုဖော်ပြခဲ့တာ တွေ့ရပါတယ်။ ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်းမှာတော့ သမ္မတဟောင်း ဖရင်ကလင်ဒီ ရုစဗဲ့လ်နဲ့ မဟတ္တမဂန္ဒီတို့ကို ထားခဲ့ပြီး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိန်းစတိန်းကို ရာစုနှစ် လူသားအဖြစ် ရွေးချယ်ဖော်ပြပေးခဲ့ပါတယ်။ ဒါပေမယ့် တိုင်းမ်မဂ္ဂဇင်းရဲ့ ခုလို မျက်နှာဖုံးတင် တနှစ်တာလူသားအဖြစ် ဖော်ပြနေတာတွေနဲ့ ပတ်သက်ပြီး ဂုဏ်ပြုဖော်ပြတာ ဒါမှမဟုတ် ဆုပေးတာအဖြစ် သဘောထားပြီး အငြင်းပွားခဲ့တာတွေလည်း ရှိခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် တိုင်းမ်မဂ္ဂဇင်းကတော့ အငြင်းပွားစရာပုဂ္ဂိုလ်တွေ ဖြစ်တဲ့ အဒေါ့ဖ် ဟစ်တလာ (၁၉၃၈)၊ ဂျိုးဖက် စတာလင် (၁၉၃၉ နဲ့ ၁၉၄၂)၊ နိကီတာကရူးရှက်ဖ် (၁၉၅၇) နဲ့ အယာတိုလာခိုမေနီ (၁၉၇၉)  တို့ကို သူတို့မဂ္ဂဇင်းက တနှစ်တာလူသားအဖြစ် နေရာပေးဖော်ပြခဲ့တာကို ထောက်ပြပြီး သူတို့ရဲ့မူဝါဒကို ခုခံပြောဆိုခဲ့ပါတယ်။ တချို့က အမေရိကန်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရရင် အလိုလို တိုင်းမ်မဂ္ဂဇင်းရဲ့ တနှစ်တာလူသားအဖြစ် သတ်မှတ်တာခံရတော့မယ်လို့ ထင်နေကြပေမယ့် တိုင်းမ်မဂ္ဂဇင်းကတော့ သူတို့က အနိုင်ရမှုထက် ဘယ်လောက် သြဇာလွှမ်းမိုးမှုရှိတယ်ဆိုတာနဲ့ ရွေးချယ် တင်မြှောက်ခံရတဲ့ သမ္မတလောင်းဟာ တနှစ်တာ သတင်းတွေ အကောင်းပဲဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ်ကို ပုံဖော်နိုင်တဲ့သူ ဖြစ်မယ်ဆိုရင် သူဟာ တိုင်းမ်မဂ္ဂဇင်းရဲ့ တနှစ်တာ လူသားအဖြစ် ဖော်ပြခံရဖို့ များတယ်လို့ ပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရသူတွေကို တနှစ်တာလူသားအဖြစ် ဖော်ပြခံရတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်သမ္မတဟာ လွတ်လပ်တဲ့ ကမ္ဘာကြီးရဲ့ ဦးစီးခေါင်းဆောင်အဖြစ် အမေရိကန်တနိုင်ငံလုံးရဲ့ အပြောင်းအလဲတွေကို ဦးဆောင်နိုင်ရမယ့်သူ ဖြစ်သလို ကမ္ဘာတဝန်းလုံးရဲ့ အပြောင်းအလဲ လှိုင်းတွေကိုလည်း ဦးဆောင်ဦးရွက်ပြုနိုင်ရမယ့်သူလို့ ယူဆခံခဲ့ရတဲ့သူ ဖြစ်တဲ့အတွက်ပါပဲ။ ပြောရရင်တော့ သမ္မတရဲ့ ဘဲဥပုံရုံးခန်းဟာ အင်မတန်ကြီးမားတဲ့ သြဇာအာဏာရှိတဲ့နေရာ ဆိုတာကတော့ အငြင်းပွားစရာ မရှိဘူးလို့ သတင်းမီဒီယာတွေက ယူဆသတ်မှတ်တဲ့အတွက် အမေရိကန်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရ၊ ခံရသူတွေဟာ တိုင်းမ်မဂ္ဂဇင်းရဲ့ တနှစ်တာလူသားအဖြစ် သတ်မှတ် ဖော်ပြခံရလေ့ရှိပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့လည်း မဟုတ်ဘူးလို့ ပြောရမယ့် ခြွင်းချက်အဖြစ်တွေလည်း ရှိပါတယ်။ ဥပမာ အမေရိကန်သမ္မတအဖြစ် ၁၉၉၆ ခုနှစ်မှာ ဘီကလင်တန်ကို ပြန်ပြီး ရွေးချယ် တင်မြှောက်လိုက်တဲ့အချိန်မှာ ကိုယ်ခံစွမ်းအား ကျဆင်းမှုရောဂါ (AIDS) ကို သုတေသနပြုခဲ့သူ ဒေါက်တာဒေးဗစ်ဟိုကို တိုင်းမ်မဂ္ဂဇင်းရဲ့ တနှစ်တာလူသားအဖြစ် ရွေးချယ်ဖော်ပြခဲ့တာ ရှိခဲ့ပါတယ်။ သမ္မတ ဂျော့ဒဗ်လျူဘုရှ် အစား ၁၉၈၈ ခုနှစ်မှာ “တနှစ်တာ ဂြိုဟ်” ဆိုပြီး ရွေးချယ်ဖော်ပြခဲ့ပါတယ်။ သမ္မတ ဂျွန်အက်ဖ် ကနေဒီ ၁၉၆၃ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ်ခံရပြီးတဲ့ အချိန်မှာ လူမည်း လူ့အခွင့်အရေး လှုပ်ရှားမှုခေါင်းဆောင် မာတင်လူသာကင်း ဂျူနီယာကို တနှစ်တာ လူသားအဖြစ် သတ်မှတ်ဖော်ပြခဲ့သလို ၁၉၇၄ ခုနှစ် သမ္မတ နစ်ခ်ဆင် နုတ်ထွက်သွားပြီးတဲ့နောက်မှာ ဆော်ဒီအာရေဗျနိုင်ငံက ဘုရင် ဖိုင်ဆယ်လ်ကို ရွေးချယ်ဖော်ပြခဲ့တဲ့ အချိန်မျိုးတွေလည်း တိုမ်းမဂ္ဂဇင်းသမိုင်းမှာ ရှိခဲ့တာကို တွေ့ရပါတယ်။ ပြောလိုရင်းကတော့ ဒီကနေ့ အမေရိကန်ပြည်ထောင်စုထဲမှာတင်မက နိုင်ငံတကာမှာ လူကြိုက်နည်းလှတဲ့ ဒေါ်နယ်လ်ထရမ့်ကို တိုင်းမ်မဂ္ဂဇင်းက တနှစ်တာ လူသားအဖြစ် သတ်မှတ် ဖော်ပြတာဟာ ထူးခြားထင်ရှားတဲ့ ခေါင်းဆောင်တယောက်အဖြစ် ဂုဏ်ပြု ဖော်ပြလိုက်တာ မဟုတ်ဘဲ တနှစ်တာအတွင်း သတင်းတွေ လှုပ်ခတ်အောင် လုပ်ဆောင်ခဲ့တဲ့သူ အမေရိကန်နိုင်ငံနဲ့ ကမ္ဘာတဝန်းရဲ့ နိုင်ငံရေးအပြောင်းအလဲကို ဖြစ်စေနိုင်မယ့်သူတယောက် ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းအချက်နဲ့ ရွေးချယ်လိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီလို တိုင်းမ်မဂ္ဂဇင်းက တနှစ်တာလူသားအဖြစ် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ မစ္စတာဒေါ်နယ်လ်ထရမ့်ကို ရွေးချယ်လိုက်တာကို ကန့်ကွက်ဆန့်ကျင် ပြစ်တင်သူတွေလည်း အမေရိကန်ပြည်ထောင်စုတင်မကပဲ နိုင်ငံတကာမှာပါ ရှိနေခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ဒေါ်နယ်လ်ထရမ့်က သူ့ရဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ အရေးပါတဲ့ နေရာ ဌာနတွေရဲ့ အကြီးအကဲတွေကို ရွေးချယ်တဲ့နေရာမှာ သူဌေး (မီလျံနာ၊ ဘီလျံနာ) တွေကိုပဲ ရွေးချယ်ခန့်အပ်ဖို့ ကမ်းလှမ်းစီစဉ်နေတာ၊ တချို့ သမ္မတ ဘားရတ်အိုဘားမား လက်ထက်က လုပ်ဆောင်ထားတာတွေကို ရပ်ဆိုင်းဖျက်သိမ်းဖို့ ပြောနေတာကို ကြားနေရပါတယ်။ သူ့ရဲ့ ရွေးကောက်ပွဲ ကတိစကား ၅၀ ထဲက ထိပ်ဆုံးကတိစကား ၁၀ ခု အကြောင်းကိုလည်း ကျနော် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ သူ တကယ်ပဲ အဲဒီကတိစကားတွေအတိုင်း လုပ်ဆောင်နိုင်ပါ့မလား၊ သူ့ရဲ့ စီးပွားရေးသမား တယောက်ရဲ့ တွေးခေါ်စဉ်းစားမှုတွေကရော တကယ့် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းမှာ အလုပ်ဖြစ်နိုင်ပါ့မလား။ တကယ်လို့များ အမှားမှား အယွင်းယွင်း စဉ်းစားဆုံးဖြတ်မိရင် အမေရိကန်နိုင်ငံတင်မကပဲ ကမ္ဘာတဝန်းကို ဘယ်လိုများ ရိုက်ခတ်လာလေမလဲ။ တိုင်းမ်မဂ္ဂဇင်းကတော့ သူ့ရဲ့ တနှစ်တာ လူသားအဖြစ် မစ္စတာ ဒေါ်နယ်လ်ထရမ့်ကို ရွေးချယ်လိုက်ပါပြီ။ ကျနော်တို့ ရင်တမမ စောင့်ကြည့်နေကြဖို့သာ။         ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024