Home
မြန်မာသတင်း
ဂျပန်အခြေစိုက် အေအန်အေ လုပ်ငန်းစုက မြန်မာနိုင်ငံတွင် လေကြောင်းလိုင်းသစ် စတင်ရန် စီစဉ်
DVB
·
December 13, 2016
ဂျပန်နိုင်ငံအခြေစိုက် အေအန်အေဟိုးလ်ဒင်းစ် (ANA Holdings) လုပ်ငန်းစုဟာ မြန်မာနိုင်ငံမှာ ပူးတွဲဖက်စပ်လုပ်ငန်းတခုအဖြစ် ရင်းနှီးမြှုပ်နှံလိုက်ပြီး နိုင်ငံတကာလေကြောင်းခရီးစဉ်တွေအဖြစ် စတင်နိုင်လိမ့်မယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ဖော်ပြပါတယ်။ ဒီပူးတွဲဖက်စပ်ရင်းနှီးမြှုပ်နှံမှုမှာ အေအန်အေဟိုးလ်ဒင်းစ် လုပ်ငန်းစုအနေနဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်း ပါဝင်မှာဖြစ်ပြီး မြန်မာနိုင်ငံတွင်း ကုမ္ပဏီတခုက ကျန်တဲ့ရှယ်ယာကို ထည့်ဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး လေကြောင်းလိုင်းကုမ္ပဏီတခုဖြစ်တဲ့ အေအန်အေဟိုးလ်ဒင်းစ် လုပ်ငန်းစုရဲ့ အမှုဆောင်အရာရှိချုပ် ရှင်ယာ ကာတာနိုဇာကာက ကုမ္ပဏီအနေနဲ့ ကနဦး ရင်းနှီးမြှုပ်နှံမှုအဖြစ် အမေရိကန်ဒေါ်လာ ၁ သိန်းခွဲ စတင်ထည့်ဝင်မှာ ဖြစ်တယ်လို့ တိုကျိုမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ “မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ တိုးတက်နေပါတယ်။ ဒီတိုးတက်မှုဖြစ်စဉ်ထဲမှာ ကျနော်တို့ ပါဝင်ကူညီပြီး နိုင်ငံခြား အားလပ်ရက်ခရီးစဉ်တွေကို သွားရောက်နိုင်ဖို့ အလယ်အလတ်တန်းစား လေကြောင်းလိုင်းတခုအဖြစ် လုပ်ဆောင်သွားမှာပါ” လို့ သူက ပြောပါတယ်။ အေအန်အေဟိုးလ်ဒင်းစ် လုပ်ငန်းစုဟာ အခုနှစ်ထဲမှာ ဗီယက်နမ်လေကြောင်းလိုင်းရဲ့ ရှယ်ယာတွေကိုလည်း ၀ယ်ယူရင်းနှီးမြှုပ်နှံထားပြီး အာရှဒေသတွင်း စီးပွားရေးလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်နေတာပါ။ ခုလို ပူးပေါင်းထားတဲ့ ဖက်စပ်လုပ်ငန်းမှာတော့ လေယာဉ် ၂ စီးနဲ့ စတင်ပြေးဆွဲမှာဖြစ်ကာ နောက်ပိုင်းမှာ တိုးချဲ့ပြေးဆွဲသွားဖို့ရှိတယ်လို့ ရှင်ယာ ကာတာနိုဇာကာက ပြောပါတယ်။ အေအန်အေဟိုးလ်ဒင်းစ် လုပ်ငန်းစုဟာ အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းခဲ့ပြီးနောက်မှာ ၀င်ရောက်လာတဲ့ ကိုကာကိုလာကုမ္ပဏီနဲ့ ယူနီလီဗာ လုပ်ငန်းတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်နေတာလို့ သတင်းကဆိုပါတယ်။ မြန်မာနိုင်ငံကိုတော့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက လေကြောင်းလိုင်းအနေနဲ့ ပြေးဆွဲခဲ့တာဖြစ်ပြီး ဒါဟာ ဂျပန်နဲ့ မြန်မာနိုင်ငံကြား ပထမဆုံး တိုက်ရိုက်ပြေးဆွဲခဲ့တာပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024