ပထမဆုံး အကြိမ် ကလေးမြို့ စက်ဘီးစီးပွဲ ကျင်းပ

ကလေးမြို့အတွက် ပထမဆုံး ပြုလုပ်တဲ့ စက်ဘီးစီး အားကစားပွဲ တခုကို ဒီဇင်ဘာ ၁၁ မနက် ၆ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ စက်ဘီးစီးပွဲကို “ကလေးမှာ အပျော်တမ်းစက်ဘီးစီးအဖွဲ့” နဲ့ ခရိုင် မြို့နယ် အားကစားနဲ့ ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့တာပါ။ “အစတုန်းက တယောက်နှစ်ယောက်ပဲ ညနေဆို စက်ဘီးစီးတယ်။ စက်ဘီးလေးစီးလိုက် ဖေ့ဘုတ်လေးမှာ တင်လိုက်ဆိုတော့ နောက် တော်တော်များများ စိတ်ဝင်စားလာကြတယ်။ အစုအဖွဲ့ဖွဲ့ပြီး စီးဖြစ်လာကြတယ်။ အဲဒီကနေ ဒီဇင်ဘာရောက်တော့ လုထုလမ်းလျှောက်ပွဲက စနေနေ့ မနက်လုပ်နေတော့ ကျနော်တို့လည်း တနင်္ဂနွေနေ့ မနက် စီးကြမယ်ဆိုပြီး လုပ်ဖြစ်သွားတာ” လို့ ကလေးမှာ အပျော်တမ်းစက်ဘီးစီးအဖွဲ့ ဦးဆောင်သူ ကိုငြိမ်းကျော်ထက်က ပြောပါတယ်။ အပျော်တမ်း စက်ဘီးစီးအဖွဲ့အနေနဲ့ ၈ လပိုင်းလောက်က စတင်ပြီး ညနေခင်းတွေမှာ မြို့ပြင်ထွက် စက်ဘီးစီးကြရင်း လူစုမိလာတာဖြစ်ပြီး ယခုဆိုလျှင် ကလေးမြို့မှာ အမာခံ စက်ဘီးစီးသူ ၃၀ ဦးလောက်ရှိနေပြီလို့ သိရပါတယ်။ “ဒီလိုပွဲဆိုတာ ကလေးမှာ တခါမှ မလုပ်ဖူးဘူး။ အားကစားနည်းတမျိုး အသစ်လို့ ပြောလို့ရပါတယ်။ နောက်ပြီး ဒီဇင်ဘာလ တနင်္ဂနွေနေ့ မနက်တိုင်း လုပ်ကြဖို့ တိုင်ပင်ထားကြတယ်။ ကျန်တဲ့နေ့တွေတော့ အမာခံ စက်ဘီးသမားတွေ ရှိနေမှာပါ။ တနင်္ဂနွေ မနက်ကိုတော့ ဘယ်စက်ဘီးနဲ့ပဲ ဖြစ်ဖြစ် လူတိုင်းပါဝင် ဆင်နွှဲနိုင်ပါတယ်။” လို့ စက်ဘီးစီးအဖွဲ့ဝင် မြို့နယ်အားကစား ဝန်ထမ်းတဦးဖြစ်တဲ့ ကိုမင်းသန့်ဇင်က ပြောပါတယ်။ ဒီနေ့မနက် စက်ဘီးစီးပွဲမှာ ပါဝင်သူတွေ အနေနဲ့ ကလေးမြို့ လမ်းဆုံကနေ မြို့ပတ်ပြီး ခရိုင် အားကစားကွင်းမှာ အဆုံးသတ်ကာ လိုက်ပါ စီးနင်းသူ လူကြီး လူငယ် အရွယ်စုံ ၁၈၀ လောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ မင်းရဲစစ်နိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up