နိုင်ငံ့ဘဏ္ဍာနှစ် ပြင်ဆင်သတ်မှတ်ရန် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး
DVB
·
December 8, 2016
အောက်တိုဘာလမှာ ဘဏ္ဍာနှစ်ကစပြီး စက်တင်ဘာလမှာ အဆုံးသတ်တဲ့ ဘဏ္ဍာနှစ် ပြင်ဆင် သတ်မှတ်ရန် ဒီဇင်ဘာ ၇ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အတွင်း ကိုယ်စားလှယ်တဦးက ဆွေးနွေးခဲ့ပါတယ်။
ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောအပါအဝင် ရငွေသုံးငွေများနှင့်စပ်လျဉ်းပြီး လွှတ်တော်တွင်း ဆွေးနွေးခဲ့ရာမှာ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၈) မှ ဦးမျိုးဝင်းက နိုင်ငံ့ဘဏ္ဍာနှစ် သတ်မှတ်ထားမှုကို ပြန်လည်ပြင်ဆင်သတ်မှတ်ဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
“ခု ကျနော်တို့ သုံးနေတဲ့ ဘတ်ဂျက်နှစ် ပိုင်းခြားပုံဟာ မြန်မာနိုင်ငံအတွက် အဆင်မပြေဘူးလို့ပဲ ဆိုချင်ပါတယ်။ ခု ကျနော်တို့ သုံးနေတဲ့ ဘက်ဂျက်နှစ်က ၁၉၇၃ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အကောင်အထည်ဖော်တော့မယ့်အချိန်မှာမှ စတင်ခဲ့တဲ့ ဘတ်ဂျက်စနစ် ဖြစ်ပါတယ်။ တကယ်တော့ ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အာဏာမသိမ်းမီအထိ နိုင်ငံရဲ့ဘတ်ဂျက်က အောက်တိုဘာလ ၁ ရက်မှာ စတင်ပြီး စက်တင်ဘာလအကုန်မှာ အဆုံးသတ်တာ တွေ့ရှိရပါတယ်။ ကျနော့်အမြင်ကတော့ မြန်မာနိုင်ငံနဲ့ အင်မတန် ဆီလျော်တဲ့ ဘတ်ဂျက်နှစ်သတ်မှတ်တဲ့ ပုံစံပါပဲ၊ ဘတ်ဂျက် ကျပြီဆိုတာနဲ့ ပွင့်လင်းရာသီဖြစ်သည်နဲ့အညီ လုပ်ငန်းတွေကို ချက်ခြင်းလုပ်နိုင်ပါတယ်။”
လက်ရှိ မြန်မာနိုင်ငံရဲ့ဘဏ္ဍာနှစ်ဟာ ဧပြီ ၁ရက်မှာ စတင်ပြီး မတ်လ ၃၀ ရက်မှာ ကုန်ဆုံးတဲ့ ပုံစံကို ကျင့်သုံးနေတာ ဖြစ်ပါတယ်။
ဒီပုံစံကို မြန်မာ၊ အင်္ဂလန်နဲ့ အိန္ဒိယနိုင်ငံတို့က ကျင့်သုံးနေတာဖြစ်ပြီး အောက်တိုဘာမှာ ဘဏ္ဍာနှစ်စ လို့ စက်တင်ဘာမှာ ကုန်ဆုံးတဲ့ ဘဏ္ဍာနှစ် ပုံစံကိုတော့ ထိုင်းနဲ့ အမေရိကန်တို့က လက်ရှိ ကျင့်သုံးနေ ကြပါတယ်။
ဦးမျိုးဝင်းက မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေအရ ဘဏ္ဍာနှစ်ကို ပြောင်းလဲ ကျင့်သုံးတာလို့လည်း လွှတ်တော်ထဲ ထောက်ပြ ဆွေးနွေးခဲ့ပြီး ဘဏ္ဍာနှစ်ပြောင်းဖို့ စီးပွားရေးပညာရှင်တွေရဲ့ အကူအညီ ရယူဖို့လည်း ဆွေးနွေးခဲ့ပါတယ်။
ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာန တာဝန် ရှိသူတွေက ပြည်ထောင်စုလွှတ်တော်မှာ လာရောက် ရှင်းလင်းကြမှာ ဖြစ်ပါတယ်။