မီးလောင်ပြင်တွင်းမှ မသန်စွမ်းဖခင်ကို ကယ်တင်ပြီး လက်နှစ်ဖက်ဖြတ်ခဲ့ရသည့် သမီးငယ် (ရုပ်သံ)

3.4K
တရုတ်နိုင်ငံမှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦးဟာ မီးလောင်ပြင်တွင်းမှာ ပိတ်မိနေတဲ့ မသန်စွမ်းဖခင်ကို ကယ်တင်ခဲ့ပြီးနောက် သူ့ခန္ဓာကိုယ်ရဲ့ ၈၀ ရာခိုင်နှုန်းနီးပါး မီးလောင်ကျွမ်းခဲ့ပြီး လက် ၂ ဖက်ကိုပါ ဖြတ်တောက်ခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က တရုတ်နိုင်ငံတောင်ပိုင်း၊ ချောင်ကျင်းမြို့မှာ ဖြစ်ခဲ့တာပါ။
မီးလောင်ကျွမ်းချိန်မှာ မိသားစုတွေ အိမ်ထဲမှာ အိပ်ပျော်နေခဲ့ကြပြီး သူတို့နိုးလာချိန် ဧည့်ခန်းမှာ မီးတွေလောင်ကျွမ်းနေခဲ့တာလို့ ဆိုပါတယ်။
ဂူဂျီဂျီရာ အမည်ရတဲ့ အဲဒီမိန်းကလေးဟာ ကျောင်းသူတဦးဖြစ်ပြီး မီးလောင်ကျွမ်းနေတဲ့ အခန်းထဲမှာ ပိတ်မိနေတဲ့ ဖခင်ကို သက်စွန့်ဆံဖျား ၀င်ရောက်ကယ်တင်ခဲ့ရတာပါ။
သူ့ရဲ့ဖခင်ဖြစ်သူဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက ကားမတော်တဆမှုတခုကြောင့် ကောင်းကောင်းလမ်းမလျှောက်နိုင်တော့ဘဲ နေခဲ့ရတာပါ။
မီးလောင်ကျွမ်းနေချိန် အိမ်ထဲမှာ ဂျီဂျီရာဟာ မိခင်၊ အဖွား၊ အဖေဖြစ်သူတို့နဲ့ အတူရှိနေခဲ့တာပါ။
မိခင်ဖြစ်သူဟာ အိပ်ယာကနိုးလာချိန် ရုတ်တရက်ပဲ မီးလောင်ကျွမ်းနေတာကို တွေ့ခဲ့ရတဲ့အတွက် ခင်ပွန်းဖြစ်သူ၊ မိခင်ဖြစ်သူနဲ့ သမီးဖြစ်သူတွေကို နှိုးပြီး ထွက်ပြေးကြဖို့ အော်ပြောခဲ့တယ်လို့ ဆိုပါတယ်။
ရုတ်တရက် အခန်းထဲက ထွက်ပြေးခဲ့ချိန်မှာ ခင်ပွန်းဖြစ်သူဟာ ဘောင်းဘီလဲဝတ်နေခဲ့တယ်လို့ သူက ပြောပါတယ်။
ဒါပေမယ့် အခန်းပြင်ကိုထွက်ပြေးဖို့ စုမိကြချိန်မှာတော့ ဂျီဂျီရာက ဖခင်ဖြစ်သူ ပါမလာတာကို သတိပြုမိခဲ့ပြီး မီးလောင်နေတဲ့ အခန်းထဲကနေ ဖခင်ထွက်လာနိုင်ဖို့ ကူညီပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မိခင်ဖြစ်သူနဲ့ ဖခင်တို့ ပြန်ဆုံမိကြချိန်မှာတော့ ဂျီဂျီရာဟာ ပျောက်ဆုံးနေခဲ့တာကို သတိပြုမိခဲ့ပြီး မီးလောင်ပြင်တွင်းမှာ ပိတ်မိနေခဲ့တာကို တွေ့ခဲ့ရတာပါ။
သူဟာ မီးလောင်ခံရတဲ့ ဒဏ်ရာတွေကြောင့် လက်တွေကွေးကောက်ပြီး လှုပ်မရဘဲ ဖြစ်နေခဲ့ကာ ၂ ဖက်စလုံးကို ဖြတ်တောက်ပစ်လိုက်ရတာပါ။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ သတိလစ်မေ့မြောနေခဲ့တဲ့ ဂျီဂျီရာကို ဆေးရုံမှာ တက်ရောက်ကုသပေးနေရပြီး လက်ရှိမှာတော့ သတိပြန်လည်လာခဲ့ပြီလို့ မေရာသတင်းမှာ ဖော်ပြပါတယ်။