Live
Home
မြန်မာသတင်း
မြန်မာတိုက်လေယာဉ်ကိုပစ်ချသည့်သတင်း မဟုတ်မှန်ကြောင်း တရုတ်ငြင်းဆို
DVB
·
December 7, 2016
မြန်မာစစ်လေယာဉ်တစင်းကို တရုတ်စစ်တပ်က ဒုံးကျည်နဲ့ပစ်ချလိုက်တယ်ဆိုတဲ့ သတင်းတွေဟာ လုံးဝအဖြစ်မှန်မဟုတ်ဘူးလို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ မြန်မာပြည် မြောက်ပိုင်းနယ်စပ်ဒေသ မုံးကိုးမြို့နားမှာ မြန်မာလေတပ်ကတိုက်လေယာဉ်တစီး တရုတ်တပ်မတော်ရဲ့ဒုံးကျည် ထိမှန်ပျက်ကျသွားတယ်လို့ သတင်းတွေထွက်နေတာဖြစ်ပြီး ဒီသတင်း ဟာ စိတ်ကူးယဉ်သက်သက်ဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဌာနရဲ့ပြောဆိုချက်ကို ကိုးကားပြီး တရုတ်ပြည်သူ့နေ့စဉ် သတင်းမှာဖော်ပြပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ ကပ်နေတဲ့ မြန်မာပြည်နယ်စပ် မူဆယ်နဲ့ မုံးကိုးဒေသတွေမှာ ပြီးခဲ့တဲ့လကုန်ပိုင်းကတည်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာတပ်မတော်တို့ အကြား တိုက်ပွဲတွေပြင်းထန်ဖြစ်ပွားနေတာဖြစ်ပြီး လေကြောင်းကနေ စစ်လေယာဉ်တွေနဲ့ ရဟတ်ယာဉ် တွေလည်း အသုံးပြုခဲ့ရတာပါ။ တရုတ်ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ယန်ယူကျန်က ဖြစ်လာနိုင်တဲ့ အရေးပေါ် အခြေအနေနဲ့ နိုင်ငံရဲ့ အချုပ်အချာကို ကာကွယ်ဖို့၊ နယ်စပ်ဒေသက တရုတ်ပြည်သူတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကိုကာကွယ်ဖို့အတွက် တရုတ်စစ်တပ်အနေနဲ့ မြန်မာနယ်စပ်အနားမှာ လုံခြုံရေး နဲ့ ကင်းလှည့်တပ်ဖွဲ့တွေ အင်အားဖြည့်တင်းထားတယ်လို့ အပတ်စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024