မလေးရှားနိုင်ငံဆီ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်များ ခေတ္တရပ်ဆိုင်း
DVB
·
December 7, 2016
မလေးရှားနိုင်ငံတွင်း လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် မလေးရှားနိုင်ငံဆီ အလုပ်သမားစေလွှတ်ရေး လုပ်ငန်းစဉ်တွေကို ဒီဇင်ဘာ ၆ ရက်နေ့က စတင်လို့ ခေတ္တရပ်ဆိုင်းသွား မှာဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အင်္ဂါနေ့က ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ကိုလည်း မြန်မာပည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်၊ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများအားလုံးကို ညွှန်ကြားရေးမှူးချုပ် လက်မှတ်နဲ့ ပေးပို့ထားပါတယ်။
အေဂျင်စီတွေအနေနဲ့ အလုပ်ကမ်းလှမ်းလွှာနဲ့ ပတ်သက်ပြီး အလုပ်သမားတွေ စေလွှတ်လိုပါက မလေးရှားနိုင်ငံရောက်ရှိပြီး အလုပ်သမားရေးရာ ပြဿ နာတစုံတရာ ပေါ်ပေါက်ပါက သက်ဆိုင်ရာ အေဂျင်စီ ကျခံမှုနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်လည်ခေါ်သွားမှာ ဖြစ်ကြောင်း၊ ဆောင်ရွက်နိုင်ခြင်း မရှိပါက အေဂျင်စီ လိုင်စင်ရုပ်သိမ်းသွားမှာ ဖြစ်ကြောင်း၊ အေဂျင်စီ ဒါရိုက်တာ ကိုယ်တိုင် နေပြည်တော်လာရောက်ကာ ခံဝန်ကတိ လက်မှတ်ထိုးပြီးမှ အလုပ်သမားစေလွှတ်ရေး ခွင်ပြုမှာ ဖြစ်ကြောင်း အဲဒီ့စာမှာ ပါရှိပါတယ်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အထူးဂရုပြု သွားလာနေထိုင်ကြဖို့ ကွာလာလမ်ပူမြို့ အခြေစိုက် မြန်မာသံရုံးက ဒီဇင်ဘာ ၂ ရက်နေ့က အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။